ရွာသစ် ဩဂုတ် ၅
ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့၊ ဒေါလဲဒူကျေးရွာနေ ပြည်သူများမှ ကျေးရွာတွင် လူဦးရေ တိုးတက်များပြား လာသည်ဖြစ်၍ ကျေးရွာမြေတိုးချဲ့ ဆောင်ရွက်ပေးရန် တင်ပြချက်များအရ ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အစိုးရက ခွင့်ပြုသော ဥပဒေနှင့် ညီညွတ်သည့် အခြား လုပ်ငန်းများအတွက် ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ပေးခဲ့သည်။
သို့ဖြစ်ရာ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့ ဒေါလဲဒူကျေးရွာနေ ပြည်သူများအတွက် ကျေးရွာမြေတိုးချဲ့၍ ရွာမြေ မြေပေးမိန့် ပေးအပ်ခြင်း အခမ်းအနားအား ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်တွင် ဘောလခဲမြို့နယ်၊ ရွာသစ်မြို့၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ဘောလခဲမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများနှင့် ရွာသစ်မြို့အတွင်းရှိ ဒေသခံပြည်သူများမှ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားရာတွင် အခမ်း အနားသို့ တက်ရောက်လာသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနတာဝန်ရှိသူများနှင့် မြေပေး မိန့်လက်ခံရယူရန် တက်ရောက် လာသည့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကာ ကပ်ရောဂါများမှ ကင်းဝေး ကြပါစေကြောင်း၊ မြေပေးမိန့်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ပြည်သူများမှ တင်ပြချက်အရ ဒေါလဲဒူကျေးရွာ တိုးချဲ့ခြင်း အား ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ မြေပေးမိန့်များ ပေးအပ်ဆောင်ရွက်တော့မည် ဖြစ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက်မှုများ အချိန်တစ်ခုအထိ ကြာမြင့်ခဲ့သည်ဖြစ်၍ နားလည်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဒေါလဲဒူကျေးရွာတွင် နေထိုင်မည့်သူများ အနေနှင့် မြေပေးမိန့်ပါ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန် အရေးကြီးပါကြောင်း၊ ရွာတွင် နေထိုင်မည့်သူများအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစိုးရတွင် တာဝန်ရှိပြီး ရေရရှိရေး လုပ်ငန်း၊ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများကို မကြာမီ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ရေ၊ မီး လိုအပ်ချက်များ ပြည့်စုံနိုင် တော့မည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်ကို အစိုးရနှင့် ဌာနများမှ တာဝန်ယူ ကြိုးပမ်း၍ တတ်စွမ်းသမျှ အကောင်းဆုံး ဆောင်ရွက်ပေးနေပြီး ပြည်သူများအနေနှင့်လည်း မိမိတို့အနေနှင့် ဆောင်ရွက်ရမည်များကို ပြီးမြောက် အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ သည်။
ဆက်လက်၍ ဝန်ကြီးချုပ်မှ ယနေ့အခမ်းအနားတွင် မြေပေးမိန့် (၇၆)ခု ထုတ်ပေးမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ရွာသစ် နယ်ခြားစောင့်တပ် (၁၀၀၅) တပ်ရင်းမှူးမှ လျှောက်ထားသည့် ဥယျာဉ်ခြံမြေအတွက် ပုံစံ(၇)ကို ထုတ်ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ပြည်သူများအနေနှင့် မိမိတို့ ရသင့်သည့် အခွင့်အရေးများကို မှန်ကန်ရဲရင့်စွာဖြင့် ဆောင်ရွက် ကြစေလိုကြောင်း၊ ပြည်နယ်အစိုးရအနေနှင့် အကောင်းဆုံး စီမံ ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် တိုးချဲ့ ရပ်ကွက် တစ်ခုတွင် ရေအခက်အခဲရှိနေသည်ကို သိရှိရ၍ လွှတ်တော်တွင် တင်ပြထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ တက်ရောက်လာ သူများအနေနှင့် အပြုသဘော ဖြင့် တိုးတက်ရာ တိုးတက်ကြောင်း တင်ပြကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေါလဲဒူကျေးရွာ ရွာမြေ ပေးမိန့် (၇၆) ခုနှင့် ပုံစံ(၇)များ ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံ ပြည်သူများက ဝမ်လွဲ့ကျေးရွာ အမက(မူလွန်) ကျောင်းရှေ့ အဝင်လမ်း ပေ(၆၀၀) ကျောက်ချောလမ်းနှင့် ကျေးရွာတွင်း လမ်း ပေ(၁၀၀၀) ကျောက်ချော ခင်းပေးစေ လိုကြောင်း၊ ဝမ်လွဲ့ရွာသစ်မှ ဝမ်လွဲ့ရွာဟောင်းသို့ သွားလမ်း လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းအတွက် အဓိကလမ်းပန်းဆက်သွယ်ရေးလမ်း မြေသားလမ်း(၁၅)မိုင်ခန့်အား ဖောက်လုပ်ပေးစေလို ကြောင်း၊ ဝမ်လွဲ့ကျေးရွာတွင် ကုန်းမြင့် လယ်ယာမြေ ဧက(၁၀၀) ဖော်ထုတ် ချထားပေးစေလိုပါကြောင်း၊ ရွာသစ် မြို့အတွက် ဘောလုံးကွင်းနှင့် မြို့မဈေး ဆောင်ရွက်ပေးစေလိုကြောင်း၊ ဒေါလဲဒူကျေးရွာသစ်အတွက် ကုန်းမြင့်လယ်ယာ (၁၀၀) ဧက၊ စာသင်ကျောင်းနှင့် ကျန်းမာရေးဌာနကို ဦးစွာဆောင်ရွက်ပေးစေလို ကြောင်း၊ ဝမ်မလန်းကျေးရွာ ဘုန်းတော် ကြီးကျောင်း တည်ဆောက်ပေးရန်နှင့် လျှပ်စစ်မီးရရှိရေး၊ ရေအသုံးပြုမှုများသည့်အတွက် ပိုမိုအဆင်ပြေစေရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ လွယ်ဝိုင်းကျေးရွာ ရှိ ပုံစံ(၇) ရရှိရန်ကျန်ရှိနေသည့် လယ်မြေများအား ပုံစံ(၇) ဆောင်ရွက် ပေးစေလိုကြောင်း၊ အိမ်ယာမြေ ကွက် လိုအပ်လျက်ရှိသဖြင့် အိမ်ရာမြေကွက် ချထားပေးစေလိုကြောင်း အသီးသီးတင်ပြခဲ့ကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပြီး မြေပေးမိန့်လက်ခံရရှိသူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဝမ်မလန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း တည်ဆောက်ရေးအတွက် ဘိလပ်မြေ အိတ်(၃၀)ဝယ်ယူရန် ငွေကျပ်(၂)သိန်း ထောက်ပံ့ ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်လမ်းညွှန်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
နန်းဆွေဆွေအေး(ပြန်/ဆက်)