Skip to main content

ဒီမိုကရေစီနှင့်ဖက်ဒရယ်အခြေခံပြည်ထောင်စု

ကမ္ဘာပေါ်တွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိသည့်အနက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၉၁ နိုင်ငံတွင် ရွေးကောက်ပွဲဖြင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကြသည်။ ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ်ဖြင့်လျှောက်လှမ်းနေသော နိုင်ငံများတွင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေသောနိုင်ငံပေါင်းမှာ ၂၈ နိုင်ငံခန့်ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်လျှောက်လှမ်းလျက်ရှိသည်။

မြန်မာနိုင်ငံတွင် မတူကွဲပြားသည့် တိုင်းရင်းသားလူမျိုးများစွာတို့သည် ရှေးပဝေသဏီကာလကတည်းက အတူယှဉ်တွဲနေထိုင်ခဲ့ကြသည်။ မတူကွဲပြားသော တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်သည် မြန်မာနိုင်ငံနှင့်လျော်ကန်သင့်မြတ်ပေသည်။ သို့သော် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကိုဖော်ဆောင်လာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်မျှသာရှိသေး၍ ဒီမိုကရေစီနှင့်အသားတကျနေထိုင်ပြီး လိုက်နာကျင့်သုံးသင့်သည်တို့ကို ကြိုးပမ်း အားထုတ်ကြရဦးမည်ဖြစ်သည်။ ထို့အပြင် ဖက်ဒရယ်စနစ်၏အနှစ်သာရများကိုလည်း သိရှိနားလည်ထားရန်လိုပေသည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ရှင်းလင်းပြောကြားခဲ့သည်။ “ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရာမှာ ဒီမိုကရေစီနဲ့ပတ်သက်ပြီးလည်းကောင်း၊ ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီးလည်းကောင်း ဘယ်လိုပင်အယူအဆကွဲပြားနေကြသော်လည်း မိမိနိုင်ငံနဲ့သဟဇာတဖြစ်တဲ့စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ဒီမိုကရေစီနဲ့ပတ်သက်ပြီး အများဆန္ဒအတိုင်း ဆောင်ရွက်ရသကဲ့သို့ လူနည်းစုဆန္ဒကိုလည်း အလေးထားရန်လိုအပ်ပါတယ်” ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍လည်း “အဓိပ္ပာယ်အမျိုးမျိုး၊ စံနှုန်းအမျိုးမျိုးဖွင့်ဆိုပြီး ပြောဆိုနေကြသော်လည်း အနှစ်သာရအနေနဲ့ ပေါင်းစည်းခြင်းနှင့် သဟဇာတဖြစ်မှု” ဟု ပြောကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်၏ လိုရင်းအချက်ကို ရှင်းလင်းစွာပြောကြားခဲ့သည်။ မြန်မာ့နိုင်ငံရေးတွင် လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ အမျိုးမျိုးတို့ကြောင့် တိုင်းရင်းသားအချင်းချင်း၊ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုတည်ဆောက်ရာတွင် သင်ခန်းစာယူရမည့်အချက်ဖြစ်သည်။ ဒီမိုကရေစီသည် မတူကွဲပြားမှုများနှင့် သဟဇာတဖြစ်အောင် ပေါင်းစည်းနေထိုင်ခြင်းဖြစ်သည်။ မိမိ၏အယူအဆ၊ သဘောထားဆန္ဒများနှင့် မကိုက်ညီသူများကို ရန်သူကဲ့သို့သဘောထားပြီး ခွဲခြားဆက်ဆံခြင်း၊ ဖယ်ကြဉ်ထားခြင်းသည် ဒီမိုကရေစီစနစ်နှင့် လုံးဝကိုက်ညီမှုမရှိပေ။ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲထားရှိခြင်းသည် စည်းလုံးညီညွတ်မှုကို ပျက်ပြားစေသည်။

ပေါင်းစည်းခြင်းနှင့် သဟဇာတရှိစွာနေထိုင်ခြင်းသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ တစ်ရာကျော်နေထိုင်သော ပြည်ထောင်စုနိုင်ငံအတွက် အရေးကြီးသောအချက်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် တိုင်းရင်းသားပြည်သူအားလုံး အတူတကွပေါင်းစည်းပြီး ညီညွတ်မှုဖြင့် ကြိုးပမ်းခဲ့ကြသဖြင့် လွတ်လပ်ရေးအောင်ပန်းကို ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် လူမျိုးတစ်မျိုး၊ နှစ်မျိုးတည်းသာနေထိုင်ခြင်းမရှိဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပျံ့နှံ့ပေါင်းစုနေထိုင်လျက်ရှိသည်။ လူမျိုးအရ အမည်သတ်မှတ်ချက်များ ရှိသော်လည်း လူမျိုးတစ်ရာကျော်ကိုကိုယ်စားပြုသည့် တိုင်းပြည်ဖြစ်သည်။ မြန်မာဟူသောဝေါဟာရမှာ လူမျိုးတစ်ခု၏အမည်မဟုတ်ပေ။ တိုင်းရင်းသားလူမျိုးတစ်ရာကျော်ကို ကိုယ်စားပြုထားသည့် ပြည်ထောင်စု၏အမည်နာမဖြစ်သည်။

နိုင်ငံတစ်ခု၊ စနစ်တစ်ခုကိုတည်ဆောက်ရာတွင် နိုင်ငံသားအားလုံး၊ မျိုးနွယ်စုများအားလုံးနှင့်သက်ဆိုင်သည့် ဘုံလက္ခဏာသည် မြန်မာဖြစ်ကြောင်း သတိချပ်ဖို့လိုသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်ကြ၍ ပြည်ထောင်စုကြီး နှစ်ပေါင်းထောင်ချီ အဓွန့်ရှည်တည်တံ့ခိုင်မြဲနေသည်ကိုလည်း သတိချပ်ဖို့လိုသည်။ မြန်မာဟူသော ပြည်ထောင်စု၏ အမျိုးသားလက္ခဏာနှင့် ဗမာဟူသော လူမျိုး၏အမည်ကို ကွဲပြားစွာသိရှိနိုင်ရန်လိုအပ်သည်။ ရှေးကာလက ဗမာဟူသောနိုင်ငံအသုံးအနှုန်းသည် အိန္ဒိယတိုက်သားတို့အခေါ်အဝေါ်ဖြစ်ပြီး ဗြိတိသျှနယ်ချဲ့တို့ မြန်မာနိုင်ငံအား ကိုလိုနီနိုင်ငံအဖြစ်သတ်မှတ်ချိန်မှစ၍ သုံးနှုန်းခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ မတူကွဲပြားသော တိုင်းရင်းသားလူမျိုးများစုစည်းနေထိုင်ကြသည့် မြန်မာနိုင်ငံတော်ကြီးဖြစ်သည်ကို အလေးအနက်ထားပြီး စုစည်းညီညွတ်သောစွမ်းပကားများဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ပေါက်လာအောင် ဝိုင်းဝန်းကြိုးပမ်းကြပါရန် တိုက်တွန်းအပ်ပါကြောင်း။   ။

ကြေးမုံအယ်ဒီတာ့အာဘော်