ယခုအခါ နိုင်ငံအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်ပွားမှုများနှင့် ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံတွင်လည်း ယခုရက်ပိုင်း၌ မိုးဆက်လက်ပိုနေပြီး မြစ်ချောင်းများ ရေပြည့်ရေလျှံဖြစ်နေသောကြောင့် အချို့မြို့နယ်များတွင် ရေကြီးရေလျှံဖြစ်ပေါ်လျက်ရှိရာ အနိမ့်ပိုင်း ရပ်ရွာများတွင် ရေများဝင်ရောက်နေသဖြင့် ရေဘေးသင့်ပြည်သူများကို ကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးများရှိ အနိမ့်ပိုင်းရပ်ရွာဒေသများတွင် ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် မိုးဆက်လက်ပိုနေမည်ဖြစ်၍ အနိမ့်ပိုင်းဒေသများအနေဖြင့် ရေဘေး အန္တရာယ်ကို အထူးသတိပြုရမည်ဖြစ်သည်။ ယခုအခါ အထက်ရေပိလာသောကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ငဝန်မြစ်ရေသည် စိုးရိမ်ရေမှတ် အထက်သို့ရောက်ရှိနေရာ မြစ်ကမ်းအနီးနှင့် အနိမ့်ပိုင်းရပ်ရွာများအား စောင့်ကြည့်ရွှေ့ပြောင်း ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်လျက်ရှိသည်။
ယခုကာလသည် ကိုဗစ်-၁၉ ရောဂါဘေးကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများအားလုံး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တက်ညီလက်ညီ ဆောင်ရွက်လျက်ရှိရာ ရောဂါဘေးကို အတိုင်းအတာတစ်ခုအထိ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နိုင်ခဲ့သဖြင့် နိုင်ငံအတွင်း ရောဂါအတွက် စိုးရိမ်ပူပန်မှု ကြီးကြီးမားမားမရှိဟု ဆိုရမည် ဖြစ်သည်။ ထိုသို့သော အခြေအနေကောင်းတစ်ခုရှိနေသဖြင့် လက်ရှိထပ်မံ ကြုံတွေ့လာရသော ရေကြီးရေလျှံ၊ ကမ်းပြိုမြေပြို သဘာဝဘေးအမျိုးမျိုး တို့ကို ကိုဗစ်-၁၉ ရောဂါဘေးကာကွယ်သကဲ့သို့ပင် တက်ညီလက်ညီ ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါဘေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ဆက်လက် ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးလျက်ရှိပြီး ရေကြီးရေလျှံ သဘာဝဘေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ရေဘေးသင့်ပြည်သူများအား ကူညီ ထောက်ပံ့ စောင့်ရှောက်ပေးလျက် ရှိသည်။ ၂၀၂၀ ပြည့်နှစ်ကာလသည် ရောဂါအရေး၊ သဘာဝအရေးနှင့် နိုင်ငံ့အရေးတို့ကို တစ်ပြိုင်တည်း ဆောင်ရွက်နေရသောအချိန်ကာလဖြစ်၍ အားလုံးတက်ညီလက်ညီ စည်းစည်းလုံးလုံး လက်တွဲဆောင်ရွက်ကြရမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ဓနဥစ္စာ ချမ်းသာကြွယ်ဝသောနိုင်ငံမဟုတ်သော်လည်း စိတ်ခွန်အားကြွယ်ဝသောနိုင်ငံ ဖြစ်သည်။ နိုင်ငံအတွင်း အရေးကိစ္စများဖြစ်ပေါ်လာလျှင် နိုင်ငံတော်အစိုးရ၏ဘဏ္ဍာရန်ပုံငွေဖြင့် ချက်ချင်းလက်ငင်းဖြေရှင်း ဆောင်ရွက်ပေးပြီး ဆက်လက်၍ စေတနာရှင်ပြည်သူများက တတ်နိုင်သည့် ဘက်မှ အားတက်သရော ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြသည့် ထက်သန်သော စိတ်ဓာတ်အခံများ ရှိပြီးဖြစ်သည်။ ယခုအခါ ကိုဗစ်- ၁၉ ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်စွမ်းရှိခြင်းသည် ထိုကဲ့သို့သော စိတ်ဓာတ်ခွန်အားများကြောင့်ဖြစ်သည်။ ယခုအခါ ကြုံတွေ့လာရသော သဘာဝဘေး အမျိုးမျိုးတို့ကြောင့် ပြည်သူများအနေဖြင့် စိတ်ဓာတ်ကျခြင်း အလျှင်းမရှိဘဲ ဆက်လက်ရင်ဆိုင် တုံ့ပြန်ကျော်လွှားသွားကြရမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် စိန်ခေါ်မှုအမျိုးမျိုးတို့ကို ကြုံတွေ့ခဲ့ကြရပါသည်။ ဖြစ်ပေါ်ခဲ့သောစိန်ခေါ်မှုများ ဖြစ်ပေါ်နေဆဲစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်လျှင် ယခုကာလအတွက်သာမက နောင်မျိုးဆက်များအတွက်ပါ အောင်မြင်မှုများ ဖြစ်လာပါလိမ့်မည်။ နိုင်ငံတစ်နိုင်ငံတွင် ခက်ခဲကြမ်းတမ်းသောကာလများကို ကျော်ဖြတ်နိုင်ခဲ့ခြင်းသည် ထိုနိုင်ငံ၏သမိုင်းအတွက် ဂုဏ်ယူစရာ ဖြစ်ပေသည်။ ထိုဂုဏ်ရည်သည်ပင် နောင်မျိုးဆက်များအတွက် အင်အား တစ်ရပ်ဖြစ်အောင် ကြံ့ကြံ့ခံ ဇွဲစိတ်သန်သောစိတ်ဓာတ်များဖြင့် ဆက်လက်
ဆောင်ကြဉ်းပေးရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုတောင်းလှသော ကာလ တစ်ဖြတ်ကို ကြည့်မည်ဆိုလျှင် မမျှော်မှန်းနိုင်သော အခက်အခဲအမျိုးမျိုးတို့ အား ကျော်ဖြတ်နိုင်စွမ်းရှိခဲ့သည်ကို ဂုဏ်ယူဖွယ်ရာတွေ့ရမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရှိ မြန်မာနိုင်ငံသူ နိုင်ငံသား ပြည်ထောင်စုဖွားအားလုံးတို့သည် အခက်အခဲများ၊ စိန်ခေါ်မှုများအား ကျော်လွှားနိုင်စွမ်းရှိခဲ့ပြီဖြစ်သည်။ ထိုသို့ ကျော်လွှားနိုင်ခဲ့ခြင်းသည် ဓန အင်အားထက် စိတ်ဓာတ်အင်အားများဖြင့် ကျော်ဖြတ်လာခဲ့ခြင်းဖြစ်သည်။ ယခုလည်း ကြုံတွေ့လာသည့်၊ ကြုံတွေ့လာမည့် စိန်ခေါ်မှုများနှင့် အခက်အခဲအမျိုးမျိုးတို့ကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ထားကြသည်။ ဤယုံကြည်မှုသည်ပင် နိုင်ငံသူ နိုင်ငံသားများ၏ စွမ်းအားများပင်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူအားလုံးတို့၏ စွမ်းအားများနှင့် ကြုံတွေ့နေဆဲ၊ ကြုံတွေ့ရမည်ဖြစ်သော ကပ်ရောဂါဘေး၊ သဘာဝ ဘေးတို့သာမက နိုင်ငံ့အရေးကိစ္စ အမျိုးမျိုးတို့ကို ပြည်သူအားလုံးတို့၏ စည်းလုံးညီညွတ်သော စိတ်ဓာတ်စွမ်းအားများဖြင့် ကျော်ဖြတ်ကြမည်ဖြစ်ရာ နောင်ကာလတွင် ပိုမိုစည်းလုံးညီညွတ်သည့်နိုင်ငံ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ပါကြောင်း။ ။