Skip to main content

လူနေမှုစနစ်ကိုမြှင့်တင် ဘဝမျှော်မှန်းချက်မြင့်မား

ဘဝတစ်ခုရှင်သန်ရပ်တည်နေထိုင်မှုတွင် ကျန်းမာရေးသည် အရေးကြီးဆုံးအချက်ဖြစ်သည်။ ကျန်းမာမှ အသက်ရှည်ကြာနေထိုင်နိုင်ကာ ကောင်းကျိုးအဖြာဖြာတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပြည်သူများ အသက်ရှည်ကျန်းမာရေးအတွက် လူနေမှုစနစ်မြှင့်တင်ပေးရန် လိုအပ်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)တွင် ရှင်းလင်းပြောကြားခဲ့သည်။

အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်သည့် လူ့ဘဝမျှော်မှန်းချက်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့်သက်ဆိုင်ပေသည်။ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာအောင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစသည့် လူမှုစီးပွားစနစ်မြင့်တက်လာအောင် ကြိုးပမ်းဆောင်ရွက်နေရပေသည်။ ကျန်းမာရေးသည် အရေးကြီးဆုံးဖြစ်သည်ကို မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလက အခြေအနေများက သက်သေပြခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် ပုံမှန်အခြေအနေ၌ပင် ကျန်းမာရေးအတွက် လိုအပ်ချက်များစွာရှိခဲ့သည်။ ကျန်းမာရေးနှင့်လူမှုဘဝလိုအပ်ချက်များစွာရှိနေသဖြင့် လူ့ဘဝမျှော်မှန်းသက်တမ်းသည် ၆၇ ဒသမ ၄ နှစ်သာရှိပြီး အိမ်နီးချင်းနိုင်ငံများတွင် အနိမ့်ဆုံးအဆင့်ဖြစ်နေသည်။

လူတိုင်းလူတိုင်းသည် အသက်ရှည်မှု၊ ကျန်းမာမှုကိုအလိုရှိကြသည်။ အသက်ရှည်ကျန်းမာစွာနေထိုင်လိုကြသည်။ သို့သော် အကြောင်းကံမပေးသဖြင့် ပြည်သူအများစုသည် အသက်(၇၀)အောက်မှာပင် သက်တမ်းမရှည်စွာနေခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရန်အတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်စားသောက်မှုပုံစံစနစ်များ တည်ဆောက်နိုင်ရန်လိုသည်။ မျက်မှောက်ကာလတွင် စီးပွားရေးကောင်းမွန်ခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်းတို့လိုအပ်သဖြင့် ထိုအခြေခံကောင်းများရရှိလာအောင် ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး လုပ်ကိုင်ဆောင်ရွက်ကြဖို့လိုအပ်မည်ဖြစ်သည်။ အနာဂတ်ကာလတွင် အသိပညာပြည့်ဝသည့် လူသားအရင်းအမြစ်များပေါ်ထွက်လာအောင် အခြေခံကျသည့်ပညာရေးကို တည်ဆောက်ရမည်ဖြစ်သည်။

အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ရန်အတွက် လူနေမှုစနစ်ကို မြှင့်တင်ပေးရန်လိုအပ်ပေရာ စီးပွားရေးကောင်းမွန်လာအောင် ပြုလုပ်ရမည်ဖြစ်သည်။ နိုင်ငံ့စီးပွား၊ ပြည်သူများ ကိုယ်စီကိုယ်စီ စီးပွားရေးကောင်းမွန်လာစေရန်အတွက် ကုန်သွယ်စီးပွား၊ အလုပ်အကိုင်အခွင့်အလမ်းများပေါများရေးကို ဖန်တီးရမည်ဖြစ်သည်။ ငွေကြေးတန်ဖိုးတည်ငြိမ်ရေး၊ ငွေကြေးဖောင်းပွမှုမဖြစ်စေရေးအတွက် အားထုတ်ကြရမည်ဖြစ်သည်။ ပြည်သူများ ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့်အချက်များ ဖယ်ရှားပေးရမည်ဖြစ်သည်။ ပြည်သူများမှာလည်း အသိပညာနှင့်လိုက်နာမှုအားကောင်းဖို့လိုသည်။ အသိပညာဗဟုသုတသည် အခြေခံကျသဖြင့် ပညာရေးကိုမြှင့်တင်ပေးလျက်ရှိသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရည်မြင့်မားတိုးတက်အောင် ဖော်ဆောင်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မျှော်မှန်းသက်တမ်းနိမ့်ကျနေခြင်းမှာ ပညာရေးနိမ့်ကျနေခြင်းနှင့်လည်း ဆက်နွှယ်ပေသည်။

အရွယ်ရောက်လာသော လူငယ်လူရွယ်များသည် ပညာရေးကို ဦးစားမပေးနိုင်တော့ကြောင်းတွေ့ရသည်။ စီးပွားဥစ္စာလိုအပ်မှုကြောင့် ပညာကိုပြီးဆုံးအောင်မသင်နိုင်တော့ဘဲ ရရာအလုပ်ကို လုပ်ကိုင်နေကြသည်။ ကိန်းဂဏန်းအချက်အလက်များအရ အသက်(၂၅)နှစ်ကျော်ပြီဖြစ်သည့် ပြည်သူအများစု၏ ပညာအရည်အချင်းမှာ အလယ်တန်းအဆင့်အောက်၌ ရှိနေသည်ဟုသိရသည်။

အတန်းပညာများကို ပြီးဆုံးအောင် မသင်ကြားနိုင်သည့် လူငယ်လူရွယ်များအတွက် အနည်းဆုံးပညာအဆင့် KG+9 ကိုဖန်တီးထားသည်။ KG+9 ဖြစ်လာလျှင် အနိမ့်ဆုံး အသက်မွေးဝမ်းကျောင်းပညာ သင်ကြားနိုင်မည်ဖြစ်သည်။ ယခုအခါ စိုက်ပျိုးမွေးမြူရေးပညာသင်ကျောင်းများကို ခရိုင်အလိုက်ဖွင့်လှစ်နိုင်ရန်စီစဉ်လျက်ရှိသည်။ တစ်နိုင်ငံလုံးတွင် စိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်း ၅၀ ဖွင့်လှစ်ရန်စီစဉ်ထားသည်။ ပညာရေးအတွက် အခြေခံရင်းနှီးမြှုပ်နှံမှုကို နိုင်ငံတော်အစိုးရကမဖြစ်မနေလုပ်ကိုင်ပေးနေသည်။ နိုင်ငံတစ်ဝန်းခရိုင်အားလုံးဖွင့်လှစ်နိုင်ပြီးလျှင် မြို့နယ်များတွင် ဆက်လက်ဖွင့်လှစ်ခြင်းဖြင့် ကျွမ်းကျင်မှုရှိသည့်လူသားအရင်းအမြစ်များ ပေါ်ထွက်လာကာအလုပ်အကိုင်များ အဆင်ပြေမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူများအသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် လူနေမှုစနစ်မြှင့်တင်နိုင်ရန် စီးပွားရေးကောင်းမွန်အောင်လုပ်ဆောင်ကြပြီး စီးပွားရေးကောင်းမွန်စေရန် အသိပညာ၊ အတတ်ပညာမြှင့်တင်အားပေးနိုင်မည့် ရေတိုရေရှည် မျှော်မှန်းချက်များ အောင်မြင်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။     ။

ကြေးမုံ,အယ်ဒီတာ့အာဘော်