Skip to main content

နိုင်ငံက အားထားရမည့် တန်ဖိုးမြင့် လူသားအရင်းအမြစ်

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၂၅ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများအနက် အခြေခံပညာအလယ်တန်းနှင့် ၎င်းအဆင့်အောက် ပညာမသင် ကြားခဲ့ရသူဦးရေ ၁၈ သန်းကျော်ရှိနေသည်။ နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ ပညာရည် အဆင့်အတန်း အလယ်တန်းအဆင့်နှင့် အောက်တွင်သာ တတ်မြောက်ထားကြသည့် အခြေအနေဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် ကျောင်းနေအရွယ် ကလေးငယ်တိုင်း (KG + 9) (အခြေခံပညာအလယ်တန်းအဆင့်) ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ ရည်ရွယ်ချက်မှာ (KG + 9) အဆင့် အနိမ့်ဆုံးအားဖြင့် ပြီးမြောက်မှသာ သက်မွေးဝမ်းကျောင်း ပညာရေး (Vocational Training) သို့ ကူးပြောင်းနိုင်ရန် ဖြစ်သည်။ နိုင်ငံ့လူဦးရေတွင် အလုပ်လုပ်ကိုင်နိုင်သည့် အရွယ်ရှိသူဦးရေအချိုးအစား များပြားလျက်ရှိရာ ပညာရေးနှင့် လုပ်ငန်းကျွမ်းကျင်မှုတို့ မြှင့်တင်ပေးခြင်းဖြင့် တန်ဖိုးမြင့်သည့် လူသားအရင်းအမြစ်များကို ရရှိလာမည်ဖြစ်ပြီး ယင်းလူသားအရင်းအမြစ်အားဖြင့်သာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ကြရမည်ဖြစ်သည်။

မိမိတို့နိုင်ငံ၏ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မကြာခဏ ပြောကြားလေ့ရှိရာ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၂) တွင် “ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူသားအရင်းအမြစ် လိုအပ်မှုနှင့်ပတ်သက်၍ တစ်နိုင်ငံလုံး ဝိုင်းဝန်းဆောင်ရွက်ရန်လိုကြောင်း၊ အခြေခံပညာပြီးမြောက်မှု မရှိသေးသည့် လုပ်ငန်းဆောင်ရွက်နေသူများကိုလည်း အလယ်တန်းပညာ၊ အထက်တန်းပညာအလိုက် စိုက်ပျိုး မွေးမြူရေးနှင့် လုပ်ငန်းခွင်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ အခြေခံပညာအထက်တန်းပြီးဆုံးသူများကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာရပ်များကို ဆက်လက်သင်ကြားနိုင်အောင် နိုင်ငံတော်အနေဖြင့် စီမံဆောင်ရွက်နေကြောင်း၊ အလားတူ စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံနှင့် စက်မှုသိပ္ပံ တက်ရောက်သူများမှ ထူးချွန်သူများအနေဖြင့်လည်း သက်ဆိုင်ရာပညာရပ်များအလိုက် တက္ကသိုလ်နှင့် ကောလိပ်များသို့ တက်ရောက်၍ရကြောင်း၊ ထို့ကြောင့် လူသားအရင်းအမြစ် လုံလောက်စွာရရှိရေးအတွက် ပညာရည်မြင့်မားရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ရေ၊ မြေ၊ သဘာဝသယံဇာတများ ပေါများစွာတည်ရှိပြီး အဓိကကျသည့် လူ့စွမ်းအား အရင်းအမြစ်ဖြစ်သည့် အလုပ်လုပ်နိုင်သည့်အရွယ် လူဦးရေ အချိုးအစားမှာလည်း များပြားသည်။ ယခုအခါ ကျောင်းသား ကျောင်းသူများ အလယ်တန်းအဆင့် (Grade 9) ပြီးမြောက် အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များ သင်ယူလေ့ကျင့်နိုင်မည့် အခွင့်အလမ်းများ ပေါ်ထွက်လာပြီဖြစ်ရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ခရိုင် ၅၀ ၏ မြို့နယ်များရှိ အခြေခံ ပညာအထက်တန်းကျောင်း ၅၁ ကျောင်းတို့တွင် တက်ရောက်သင်ယူလေ့ကျင့်ကြခြင်းအားဖြင့် နိုင်ငံကအားထားနိုင်မည့် တန်ဖိုးမြင့်လူသားအရင်းအမြစ်များ အားကောင်းမောင်းသန် ထွက်ပေါ်နိုင်ပါစေကြောင်း။ ။