Skip to main content

စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံတိုးတက်ရေးကြိုးပမ်း

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ ပြည်ထောင်စုသားအားလုံး၏ စုစည်းညီညွတ်မှု စွမ်းပကားဖြင့် နိုင်ငံတော်ကို စောင့်ရှောက်ကာကွယ်ခဲ့ကြသလို နိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲတိုးတက်ရေးအတွက်လည်း လက်တွဲကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးများအားလုံး စည်းလုံးညီညွတ်ခဲ့ကြမှုကို အခိုင်အမာ သက်သေထူနိုင်ခဲ့သဖြင့် ဆုံးရှုံးခဲ့သည့်လွတ်လပ်ရေး ပြန်လည်ရရှိလာခဲ့သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်မှု တောင့်တင်းခိုင်မာရေးသည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် အသက်သွေးကြောသဖွယ် ရှင်သန်နေရန်လိုအပ်သည်။ ကိုလိုနီခေတ်က စည်းလုံးညီညွတ်မှုပျက်ပြားပြီး ကျွန်သက်ရှည်အောင် ဆောင်ရွက်ခဲ့သည့်နည်းတူ မျက်မှောက်ကာလ၌လည်း ကိုလိုနီနယ်ချဲ့လက်သစ်များက ညီနောင်တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု လျော့နည်းစေပြီး နိုင်ငံပြိုကွဲပျက်စီးရေး၊ ၎င်းတို့အလိုကျ ခြယ်လှယ်ခွင့်ရရှိရေး ဆက်လက်ကြိုးပမ်း အားထုတ်နေကြသည်ကို သတိပြုရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အယူအဆကွဲလွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိစေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

တိုင်းရင်းသားလူမျိုးအားလုံးတို့သည် ဤမြေတွင်အတူနေ၊ ဤမြေတွင် အတူရှင်သန်ဖွံ့ဖြိုးလာကြသဖြင့် ထာဝစဉ်လက်တွဲပြီး အေးချမ်းသာယာဝပြောစွာဖြင့် နေထိုင်လိုသည့်ဆန္ဒရှိကြသူများသာဖြစ်သည်။ တိုင်းရင်းသားပြည်သူ အားလုံးလိုလားသည့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရန် တိုင်းရင်းသားညီ အစ်ကိုမောင်နှမများကြားတွင် အပြန်အလှန်လေးစားမှု၊ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုများ တည်ဆောက်ကြရမည်ဖြစ်သည်။ သို့မှသာ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာတည်သရွေ့ရပ်တည်နေထိုင်နိုင်ပြီး သာယာဝပြောသည့် နိုင်ငံအဖြစ်ကိုလည်း တည်ဆောက်နိုင်မည်ဖြစ်သည်။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ကိုလိုနီစနစ်ဆိုး၏ ခါးသီးသောသမိုင်း အတွေ့အကြုံများကို သင်ခန်းစာယူကာ နိုင်ငံတော်၏အကျိုးကို သယ်ပိုးဆောင်ရွက်ရာ၌ သွေးထိုးလှုံ့ဆော်မှုများ၊ ဖိအားပေးမှုများကို အမြဲသတိပြုကြရန် လိုအပ်ပါသည်။ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိဘာသာသာသနာ၊ မိမိယဉ်ကျေးမှုတို့အပေါ် သစ္စာစောင့်သိပြီး ရင့်ကျက်သည့် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို နိုင်ငံသားတိုင်းက သမိုင်းပေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားရမည်ဖြစ်သည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံး၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်တို့ကို ဆက်လက်အကောင်အထည်ဖော်ရာ တွင် တွေ့ကြုံရသမျှ အခက်အခဲများနှင့် အနှောင့်အယှက်များကို စုပေါင်းအင်အားဖြင့် ရင်ဆိုင်ကျော်လွှားသွားရမည်ဖြစ်သည်။ တိုင်းပြည်၏ ပကတိအရှိတရားနှင့် လိုအပ်သည့်လုပ်ငန်းစဉ်များတွင်လည်း ပါဝင်ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် သွေးချင်းညီအစ်ကိုမောင်နှမအားလုံး စစ်မှန်သောပြည်ထောင်စု စိတ်ဓာတ်ကိုအခြေခံ၍ ချစ်ခင်ညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ရန် အထူးအရေးကြီး ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက် ရေးလမ်းစဉ်အဖြစ် နိုင်ငံတော်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေး အမျိုးသားရေးလုပ်ငန်းစဉ်ကို ဦးတည်‌ဆောင်ရွက်နေသည်။ နိုင်ငံတော်သာယာ ဝပြောရေးဆိုရာ၌ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ပါဝင်သည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်က ကျင့်သုံးနေသော ရည်မှန်းထားသည့် နိုင်ငံရေး စနစ်နှင့် ဖြစ်ပေါ်နေသော နိုင်ငံရေးယဉ်ကျေးမှုတို့ သဟဇာတဖြစ်အောင်ဆောင်ရွက် နေသည်။ မြန်မာနိုင်ငံ၌ ကျင့်သုံးနေသော ရည်မှန်းထားသည့် နိုင်ငံရေးစနစ်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်က ရည်မှန်းကျင့်သုံးဆောင်ရွက်နေသည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး အမျိုးသားရေးလုပ်ငန်းစဉ်များ၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး နိုင်ငံရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် စည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။     ။