Skip to main content

စာသင်ကျောင်းကို စစ်ရေးတွင်အသုံးပြုမှု ကလေးများ၏ အနာဂတ်ကို ဖျက်ဆီးမှုဖြစ်

NUG၊ CRPH နှင့် ၎င်းတို့၏လက်ဝေခံ PDF တို့ကို တည်ဆဲဥပဒေများနှင့်အညီ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ခဲ့ခြင်းသည် ၎င်းတို့စွဲကိုင်ထားသည့် အကြမ်းဖက်ဝါဒ၊ အကြမ်းဖက်အတွေးအခေါ်နှင့် လက်တွေ့ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များကြောင့်ဖြစ်သည်။ နိုင်ငံတစ်ဝန်းတွင် အဆိုပါအကြမ်းဖက်အုပ်စုများက အရပ်ဘက်ပစ်မှတ်များကို နှစ်နှစ်အတွင်း တိုက်ခိုက်မှုပေါင်းများစွာ ကျူးလွန်ခဲ့သည့်အတွက် သေဆုံးသူ ၅၄၄၃ ဦးနှင့် ဒဏ်ရာရသူ ၄၅၇၇ ဦး ရှိခဲ့သည်။

ဖော်ပြပါ သေဆုံးဒဏ်ရာရသူများတွင် ပညာရေးဝန်ထမ်း ၆၆ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၄ ဦး၊ သံဃာအပါး ၇၀၊ သီလရှင် နှစ်ပါးတို့အပါအဝင် အစိုးရဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ကလေးများ၊ အရပ်သားများက အများစုဖြစ်သည်။ လမ်း၊ တံတား၊ လျှပ်စစ်တာဝါတိုင်၊ ဆက်သွယ်ရေးတာဝါတိုင် အများအပြား ဖောက်ခွဲမီးရှို့ဖျက်ဆီးခဲ့ကြပြီး နိုင်ငံတစ်ဝန်းလုံးတွင် စာသင်ကျောင်း၊ တက္ကသိုလ်/ကောလိပ်များကို ဗုံးခွဲတိုက်ခိုက်မှု ၅၂၈ ကြိမ်နှင့် မီးရှို့ဖျက်ဆီးမှု ၁၂၃ ကြိမ်၊ စာသင်ကျောင်းများမဖွင့်ရန် ခြိမ်းခြောက်မှု ၁၁၅ ကြိမ် ပြုလုပ်ခဲ့ကြသည်။ NUG ၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အကြမ်းဖက်အဖွဲ့များက ဝန်ထမ်းများအားလုံး CDM ပြုလုပ်ခြင်းအား ၎င်းတို့ရည်မှန်းချက် အောင်မြင်နိုင်မည့် နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးချကြခြင်းဖြစ်ရာ CDM မပြုလုပ်သည့် ဝန်ထမ်းများမှာ အလိုလိုနေရင်း ၎င်းတို့အား ဆန့်ကျင်သူ၊ ရန်သူများအဖြစ် သတ်မှတ်ခံကြရပြီး လုပ်ကြံသတ်ဖြတ်မှုများ၏ သားကောင်ဘဝသို့ ရောက်ရှိသွားကြရသည်။ အကြမ်းဖက်အားပေးမီဒီယာများက အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများကို အစိုးရဒေါက်တိုင်များအား ရှင်းလင်းခြင်း၊ ဒလန်ရှင်းလင်းခြင်း စသည့်ခေတ်ဟောင်းဗကပ ဝေါဟာရများဖြင့် ဖုံးဖိကာကွယ်ပေးကာ အကြမ်းဖက်မှုများကို အားပေးခဲ့ကြသည်။ ထို့အပြင် ပြည်ပနိုင်ငံအချို့နှင့် အဖွဲ့အစည်းတို့ကပါ အဆိုပါအကြမ်းဖက်အုပ်စုတို့၏ ကျူးလွန်မှုများကို မျက်ကွယ်ပြုကာ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများ ပိုမို၍လက်ရဲဇက်ရဲဖြစ်လာအောင် တွန်းအားပေးသည့်သဖွယ်လည်း ဖြစ်စေခဲ့သည်။

မကြာသေးမီ ရက်ပိုင်းအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားလေး ကျေးရွာရှိ အထက (မိုးတားလေး) စာသင်ကျောင်းအတွင်း KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်း ဖက်အဖွဲ့တို့က စစ်စခန်းသဖွယ် ဘန်ကာများ၊ ကတုတ်ကျင်း များ၊ သဲအိတ်ဘန်ကာများ ပြုလုပ်ထားပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက တားမြစ်ထားသည့် စာသင် ကျောင်းများအား စစ်ရေးအရအသုံးပြုခြင်းကို ချိုးဖောက်လျက် ရှိကြောင်း တွေ့ရှိရသည်။ အချို့သောနိုင်ငံများနှင့် အဖွဲ့အစည်း များအနေဖြင့် NUG ၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အကြမ်းဖက်အဖွဲ့များနှင့် ထိတွေ့ဆက်ဆံခြင်း၊ မီဒီယာများပေါ်တွင် ထောက်ခံအားပေးနေခြင်း တို့က အပြစ်မဲ့ပြည်သူများ၏ ဘဝလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက် ဖျက်ဆီးလျက်ရှိသော၊ ကလေးသူငယ်များ၏ ပညာသင်ကြား ပိုင်ခွင့်အပေါ် အဓမ္မနည်းလမ်းများဖြင့် နှောင့်ယှက်ဖျက်ဆီးလျက်ရှိသော အကြမ်းဖက်သမားများကို အားပေးအားမြှောက် ပြုနေခြင်းဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်းနေမှုများအပေါ် ဝင်ရောက်စွက်ဖက်ဟန့်တားမှု သက်သက် မျှသာဖြစ်ပါကြောင်း။ ။