“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားကိုးကွယ်နိုင်ရန် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသည့် ပြည်ထောင်စုမြန်မာ နိုင်ငံတော်တစ်ဝန်းလုံးမှ ခုနစ်ရက်သားသမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်များ၊ အလှူရှင်များ၏ ကုသိုလ်ပြုလှူဒါန်းမှုများအား ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာဝပြောမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးသို့ ပြည်တွင်း ပြည်ပ ဘုရားဖူးများလာရောက်ကြခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကိုဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် စသည့်ရည်ရွယ်ချက် (၄)ရပ်ဖြင့် နေ့မနားညမနား ကြိုးပမ်းတည်ထားဆောင်ရွက်လျက်ရှိရာ ယခုအခါ ရုပ်ပွားတော်မြတ်ကြီး တည်ထားမှုမှာ အောင်မြင်စွာပြီးစီးနေပြီဖြစ်၍ နတ်၊ လူ သာဓုခေါ်ဆိုကြမည်ဖြစ်သည်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကို တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီး၏ စုစုပေါင်းအလေးချိန်မှာ တန် ၁၇၀၀ ရှိပြီး ဇန်နဝါရီလ ၂၆ ရက်နေ့ မင်္ဂလာအချိန်တွင် ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ခဲ့ကာ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပလ္လင်တော်ထက်သို့ အောင်မြင်စွာ ပင့်ဆောင်ပူဇော်နိုင်ခဲ့ပြီးဖြစ်သည်။ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အမှူးပြုသည့် နိုင်ငံတော်တစ်ဝန်းလုံးမှ အလှူရှင်များက လှူဒါန်းထားသည့် အဖိုးတန်ကျောက်မျက်ရတနာများအား ဌာပနာတော်သွင်း လှူဒါန်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။
ဆက်လက်၍ ရတနာပလ္လင်တော်ထက်သို့ ဆက်လက်ပင့်ဆောင်ရန် ကျန်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား ရတနာ ပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းများအပြင် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ ကျင်းပပြုလုပ်နိုင်မည့် သံဃာအပါး ၁၂၀၀ နှင့် လူပရိသတ်များဝင်ဆံ့နိုင်သော သာသနာ့ဗိမာန်တော်ကြီး၊ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကပါသိရှိနိုင်ရေးအတွက် စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများအသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထုဆစ်ပူဇော်ထားရှိသည့် ကျောက်စာရုံ စေတီတော်များ၊ ရေပန်းရင်ပြင်တော်များ၊ ဘုရားကြီးရင်ပြင်တော်၊ သုဓမ္မာဇရပ်များအပြင် အခြားသော သာသနိကအဆောက်အအုံများကိုလည်း ထည့်သွင်းတည်ဆောက်လျက်ရှိရာ မြန်မာတွင်သာမက ကမ္ဘာတွင်ပါ ကြီးကျယ်ခမ်းနားသည့် သာသနာ့နယ်မြေဖြစ်လာသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိရာ တစ်ဖက်တွင်လည်း တိုင်းပြည်နှင့် လူမျိုးအတွက် မရှိမဖြစ် ပို၍အခြေခံကျသော စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလာစေရေးကိုလည်း ပျိုးထောင်ပေးနေပါသည်။ ဤသို့ ဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလာရန်၊ ပြည်သူများ ကုသိုလ်တရားများ တိုးပွားလာစေရန် ဖော်ဆောင်ပေးမှုများကြောင့် ကောင်းမြတ်သောစိတ်ထားများဖြစ်ပေါ်လာပြီး တိုင်းပြည်နှင့်လူမျိုး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ မျက်မှောက်ကာလတွင် နိုင်ငံတော်အစိုးရနှင့် ပြည်သူများ၏ သဒ္ဓါတရားထက်သန်စွာ ဆောင်ရွက်နိုင်မှု၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်အရှင်မြတ်များ၏ သာသနာတော် အတွက် အလေးအနက်ဆောင်ရွက်မှုတို့ကြောင့် မြန်မာနိုင်ငံ၏ ထေရဝါဒသာသနာတော်သည် နေလိုလလို ထွန်းတောက်နေပြီဖြစ်သည်။
ပရိယတ် ပဋိပတ်သာသနာကို မြှင့်တင်အားပေးပြီး ဘုရားစေတီ၊ ကျောင်းကန်၊ တန်ဆောင်း၊ ဇရပ်၊ ပြာသာဒ်မျိုးစုံတို့သည် သစ်လွင်တောက်ပ ခမ်းနားဝင့်ကြွားစွာ တိုးတက်လာသည်။ သာသနာ့အာဇာနည် အရှင်သူမြတ်မြောက်မြားစွာလည်း ထွန်းကားလာပြီး ပြည်တွင်း ပြည်ပ ထေရဝါဒဗုဒ္ဓသာသနာတော် ပြန့်ပွားရေးကိုလည်း ကြိုးပမ်းအားထုတ်လျက်ရှိသည်။ ထေရဝါဒဗုဒ္ဓသာသနာတော်၏ အဆုံးအမအောက်တွင် ထေရဝါဒအသိအမြင်၊ ထေရဝါဒယဉ်ကျေးမှုဖြင့် အစဉ်တစိုက်ငြိမ်းချမ်းစွာ ရပ်တည်လာခဲ့သော မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သား ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် ကျက်သရေမင်္ဂလာအဖြာဖြာ တိုးပွားလာစေရေးအတွက် သာသနာတော် ထွန်းကားပြန့်ပွားရေးတွင် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အမှူးပြုသည့် နိုင်ငံတော်တစ်ဝန်းလုံးမှ အလှူရှင်များက လှူဒါန်းတည်ထားနိုင်ခြင်းကြောင့် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ သာသနာတော်သည် မြန်မာနိုင်ငံတွင် ရှေးကထက်ပို၍ သာသနာတော် ထွန်းလင်းတောက်ပနေမည် ဖြစ်ပါကြောင်း။ ။