မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေးသည် ယနေ့ကာလတွင် (၇၅)နှစ်မြောက် စိန်ရတုကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ၇၅ နှစ်တာကာလအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးသည် ပိုမိုခိုင်မြဲအစဉ်လက်တွဲလျက် မိတ်ကောင်းဆွေကောင်းအဖြစ် တည်တံ့ခိုင်မြဲခဲ့သည်။ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းလက်တွဲဆောင်ရွက်နိုင်မှုများသည် ယခုအခါအပြုသဘောဆောင်၍ အကျိုးရလဒ်ကောင်းများ ထွက်ပေါ်နေပြီဖြစ်သည်။
၇၅ နှစ်တာကာလ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ သံတမန်ဆက်ဆံရေး ထူထောင်မှုသမိုင်းတွင် ရှေးဦးကာလများကတည်းက အပေါင်းလက္ခဏာဆောင်သည့် ရင်းနှီးချစ်ကြည်မှုနှင့် လက်တွဲပူးပေါင်းဆောင်ရွက်နိုင်မှု မှတ်တမ်းများရှိသည်။ အတိတ်သမိုင်းကြောင်းများ ကောင်းခဲ့သလို မျက်မှောက်ကာလတွင်လည်း ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ပူးပေါင်းလက်တွဲဆောင်ရွက်နိုင်မှုများ တိုးတက်ကောင်းမွန် နေဆဲဖြစ်သည်။ နှစ်နိုင်ငံ ခေါင်းဆောင်များအကြား၊ နှစ်နိုင်ငံပြည်သူများအကြား ရင်းနှီးချစ်ကြည်မှုသည် ကြာလေ ခိုင်မြဲလေဖြစ်သည်။ မြန်မာနိုင်ငံအပေါ် ရုရှားနိုင်ငံ၏သဘောထားများမှာ ကျေနပ်ဖွယ် ပင်ဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင်များသာမက ပြည်သူများကလည်း မြန်မာနိုင်ငံအပေါ် ချစ်ခင်ရင်းနှီးသည့် အရင်းခံစိတ်ထားကြသည်။
ရုရှားနိုင်ငံခေါင်းဆောင်က မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ယုံကြည်အားထား ရသည့် ကာလရှည်မိတ်ဖက်နိုင်ငံ၊ တစ်နည်းအားဖြင့် မဟာမိတ်နိုင်ငံဖြစ်သည်ဟုညွှန်းဆို ထားသည်။ ရှည်လျားလှသော သမိုင်းကြောင်းကောင်းသည့် ဆက်ဆံရေးအရ အကဲဖြတ်ချက်များမှာ ပကတိအရှိတရားဖြစ်သည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ ရုရှားနိုင်ငံခရီးစဉ်သည် သမိုင်းကြောင်းကောင်းခဲ့သည့် မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုအားဖြည့် တွန်းအားပေးနိုင်ခဲ့သည်။ ခရီးစဉ်အပြီးတွင် ရလဒ်ကောင်းများပေါ်ထွက်လာခဲ့ပြီး ယနေ့အချိန်တွင် လက်တွေ့ကျသည့် ပူးပေါင်း ဆောင်ရွက်မှုများကို အကောင်အထည်ဖော်နေပြီ။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံကြီးတစ်နိုင်ငံ၏ မိတ်ကောင်း ဆွေကောင်းပီသစွာဖြင့် ရင်းနှီးချစ်ကြည် ပူးပေါင်းကူညီဆောင်ရွက်မှု များသည် နိုင်ငံအတွက် အထောက်အပံ့ကောင်းများဖြစ်စေသည်။ မိတ်ကောင်းဆွေကောင်းဟူသည် အပြန်အလှန် အမှီသဟဲပြုခြင်း၊ ကိုယ်နှင့်ထပ်တူပြုခြင်း၊ အပြန်အလှန်ကူညီခြင်းတို့ကို ပြုကျင့်သည်။ ၇၅နှစ်တာကာလအတွင်း ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား အနှောင်အဖွဲ့ကင်းသည့် ကူညီဆောင်ရွက်ပေးမှုများရှိသလို မြန်မာနိုင်ငံကလည်း မိတ်ဆွေညီအစ်ကိုဆက်ဆံရေးဖြင့် အလေးအနက် ထားပြန်လည်တုံ့ပြန်ခဲ့သည်။ မြန်မာနိုင်ငံမှရုရှားနိုင်ငံသို့ စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိပြီး ရုရှားနိုင်ငံမှမြန်မာနိုင်ငံသို့ ဓာတ်မြေဩဇာ၊ စက်သုံးဆီနှင့်ရေနံထွက်ပစ္စည်းများ တင်ပို့လျက်ရှိသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ငွေကြေးနှင့်ဘဏ်လုပ်ငန်းများစသည်တို့၌ ပူးပေါင်းဆောင်ရွက်ရေး၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး၊ အာကာသနှင့်ဂြိုဟ်တု နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်လာ စေရေး၊ မြန်မာနိုင်ငံသို့ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရင်းနှီးမြှုပ်နှံရေး၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု၍ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးချနိုင်ရေး စသည့်ကဏ္ဍပေါင်းစုံ အပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်း သဘောတူညီထားပြီး ဖြစ်သည်။ ယခုအခါ အချို့ကဏ္ဍများအား မြန်မာနိုင်ငံတွင် လက်တွေ့အကောင်အထည်ဖော်နေပြီဖြစ်ရာ အနာဂတ်တွင်ပိုမိုထင်ရှားသည့် တိုးတက်ဖြစ်ထွန်းမှုများ ပေါ်ပေါက်လာမည်ဖြစ်သည်။
မြန်မာ-ရုရှားဆက်ဆံရေးသည် ယနေ့ကာလမှသာ ပိုမိုခိုင်မြဲလာသည်မဟုတ်ဘဲ နှစ်ကာလ ရှည်ကြာစွာ ခိုင်မြဲလာသည့်ဆက်ဆံရေးဖြစ်သည်။ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာမှဖိအားများ၊ အကျပ်အတည်းများ ရင်ဆိုင်နေရချိန်တိုင်းတွင် ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးနေသည်မှာ မိတ်ကောင်းဆွေကောင်း ပီသခြင်းကို ဖော်ညွှန်းနေသည်။ ဆက်လက်၍လည်း မြန်မာနိုင်ငံဘက်မှ ထာဝရ ရပ်တည်နေမည်ဟု ယုံကြည်သည်။ မကြာသေးမီရက်ပိုင်းက မြန်မာ-ရုရှား ဆက်ဆံရေးတွင် ထူးခြားသည့် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သည်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချနိုင်မည့် စီမံကိန်းနှင့်ပတ်သက်၍ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို ပထမဦးဆုံးဖွင့်လှစ် နိုင်ခဲ့သည်။
မြန်မာ-ရုရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် ထူထောင်နိုင်သည့် ထူးခြားသည့်အခါသမယတွင် နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုအားသစ်လောင်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့အကောင်အထည်ဖော် မည့် ကဏ္ဍပေါင်းစုံတွင် နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူများကလည်း ကျရာကဏ္ဍမှ တစ်တပ်တစ်အားပါဝင်နိုင်ရန် အသိပေးအပ်ပါကြောင်း။ ။