Skip to main content

မြန်မာ-ရုရှားဆက်ဆံရေးနှင့် ဗဟုဝင်ရိုးကမ္ဘာ

ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် အင်အားကြီးနိုင်ငံများကသာ ကမ္ဘာ့အရေးအရာများကို အဆုံးအဖြတ်ပြုကြပြီး ကမ္ဘာကြီးကိုပုံသွင်းဖန်တီးခဲ့ကြခြင်းဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်၊ စီးပွားရေးအင်အားနှင့် စစ်ရေးအင်အား ပိုင်ဆိုင်ထားရှိမှုအပေါ် လိုက်၍ အင်အားကြီးနိုင်ငံ သို့မဟုတ် နိုင်ငံငယ်စသည်ဖြင့် အဆင့်ခွဲခြားသတ်မှတ်ခြင်းဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏အင်အားပိုင်ဆိုင်မှု အဆင့်အတန်းက နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အရေးပါသည်။ ထို့အပြင် နိုင်ငံတကာ ဆက်ဆံရေးသည် လူသားတိုင်း၏နေ့စဉ်ဘဝများနှင့်လည်း ကျယ်ကျယ်ပြန့်ပြန့် ပတ်သက်ဆက်နွှယ် နေသည့်အလျောက် လူတိုင်းကနားလည် ထားကြရန်နှင့် လေ့လာကြရန်လည်း လိုအပ်သည်။

၂၀ ရာစုအတွင်းတွင် မဟာအင်အားကြီးနိုင်ငံများဖြစ်သော အမေရိကန်နှင့် ဆိုဗီယက် ပြည်ထောင်စုတို့အကြား အားပြိုင်မှုများဖြင့် ကမ္ဘာကြီးကို Bipolar System (ဒွိဝင်ရိုးစနစ်)အရ အင်အားမျှခြေဖြစ်ပေါ်စေကာ တည်ငြိမ်မှုရရှိစေခဲ့သည်။ ၂၀ ရာစုနှောင်းပိုင်းကာလ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခြင်းနှင့်အတူ စစ်အေးတိုက်ပွဲပြီးဆုံးသွားခဲ့ပြီး အမေရိကန် ပြည်ထောင်စုကတစ်ခုတည်းသော မဟာအင်အားကြီးနိုင်ငံအဖြစ်ဖြင့် ကမ္ဘာ့ရေးရာများကို လွှမ်းမိုးခြယ်လှယ်ရန်ကြိုးပမ်းလာပြီး အခြားကမ္ဘာ့နိုင်ငံများကိုလည်း ၎င်းစိတ်ကြိုက်ပုံစံသွင်းရန် ဖိအားပေးမှုများ ပြုလုပ်ခဲ့ရာ ဗိုလ်ကျစိုးမိုးရေးဝါဒဖြင့် ကမ္ဘာ့ပုံစံသစ်တစ်ခုကို ဖော်ဆောင်ခြင်းအဖြစ် ၎င်း၏ဩဇာကို မခံလိုသည့်နိုင်ငံများက ရှုမြင်ခဲ့ကြသည်။

မျက်မှောက်ကာလတွင် ကမ္ဘာ့အင်အားချိန်ခွင်လျှာသည် အမေရိကန်ဦးဆောင်သည့် Unipolar System (ဧကဝင်ရိုး စနစ်)မှ တစ်စတစ်စ ဖယ်ခွာလျက်ရှိသည်ကို လည်းကောင်း၊ အမေရိကန်နှင့် အပေါင်းအပါနိုင်ငံများက ယင်းအခြေအနေကို ဟန့်တားပြောင်းလဲရန် ကြိုးပမ်းနေမှုများကို လည်းကောင်း တွေ့ရမည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအဖို့ မိမိတို့ဘာသာအေးချမ်းစွာ ရပ်တည်နိုင်ရန်မှာ များစွာခက်ခဲလာပြီး နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် မိမိတို့၏အမျိုးသား အကျိုးစီးပွား ထိခိုက်ဆုံးရှုံးမှုမရှိစေရန်အတွက်လည်း ပိုမို၍ရုန်းကန်ကြိုးပမ်းလာကြရသည်။ နိုင်ငံတကာဆက်ဆံရေး မျက်နှာစာတွင် မြန်မာနိုင်ငံအရေးကြုံတိုင်း မိတ်ရင်းဆွေရင်းအဖြစ် ရပ်တည်ပေးခဲ့သော နိုင်ငံများမှာမြန်မာ့အိမ်နီးချင်း နိုင်ငံဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံမှ မိုင် ၄ဝဝဝ ခန့် ဝေးကွာသည့် ရုရှားနိုင်ငံတို့ပင်ဖြစ်သည်။

ရုရှားနှင့် မြန်မာတို့၏သံတမန်ဆက်ဆံရေးသည် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ၇၅ နှစ်ပြည့်မြောက်တော့မည်ဖြစ်ပြီး နိုင်ငံအချင်းချင်း တန်းတူရည်တူရှိမှုနှင့် အပြန်အလှန် လေးစားမှုကို အခြေခံသည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်ထားနိုင်ခြင်းက နှစ်နိုင်ငံဆက်ဆံရေးကို အနာဂတ်ကာလများသို့တိုင် အဓွန့်ရှည်စေမည်ဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင်လည်း ဗိုလ်ကျစိုးမိုးရေး ဝါဒကိုဆန့်ကျင်ကာ တန်းတူပါဝင်မှု၊ အပြန်အလှန်အမှီသဟဲ ပြုမှုပေါ်တွင် အခြေခံသည့် ကမ္ဘာ့နိုင်ငံအများစု ပါဝင်သော Multipolar World (ဗဟုဝင်ရိုးကမ္ဘာ) အဖြစ် တည်ဆောက်ရေး၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ကမ္ဘာလုံးဆိုင်ရာ စုပေါင်းလုံခြုံရေးစနစ် ပေါ်ထွန်းလာရေးတို့အတွက် ရုရှား-မြန်မာ ချိတ်ဆက်လှုပ်ရှားဆောင်ရွက်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဝိုင်းဝန်းထိန်းသိမ်းခြင်းနှင့်အတူနှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွား များကိုလည်း အရှိန်အဟုန်ဖြင့် ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း။ ။