Skip to main content

နိုင်ငံဖွံ့ဖြိုးရေး ခလုတ်တံသင်းဖယ်ရှား

 

နိုင်ငံတစ်နိုင်ငံအဘက်ဘက်၌ တိုးတက်ခြင်း၊ မတိုးတက်ခြင်းသည် အဂတိလိုက်စားမှု ကင်းရှင်းခြင်း၊ မကင်းရှင်းခြင်းဟူသော အချက်တစ်ချက်တွင်လည်း မူတည်နေပါသည်။ အဂတိလိုက်စားမှုသည် နိုင်ငံ အတော်များများတွင် ရှိတတ်ကြရာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့်၊ လူ့ဘောင်လောက ပတ်ဝန်းကျင်တွင် ကိုယ်ကျင့်တရားပျက်ပြားစေသည့် အဂတိ လိုက်စားမှုကို နိုင်ငံတော် အစိုးရများက ဖော်ထုတ် ၍ ထိထိရောက်ရောက် တိုက်ဖျက်နေကြပါသည်။

ဤလူ့ဘောင်လောကရှိ အကြောင်းအကျိုးအမျိုးမျိုးတို့တွင် မလား အပ်သည်သို့လားခြင်းဟူသော ဆန္ဒာဂတိ၊ ဘယာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ(၄)ပါး ငြိစွန်းသောကြောင့်၊ စီရင်ခန့်ခွဲရာ ဘဏ္ဍာငွေအရာတို့၌ မလား အပ်သည်သို့လားသောကြောင့် စသည့်မကောင်းသည့်လားရာ အဂတိတရားများ ထွန်းကားစိမ့်ဝင်နေ ပါသည်။ အကြောင်းအမျိုးမျိုးတို့တွင် အဂတိတရားများ လွှမ်းမိုးနေသဖြင့် တိုင်းပြည်နှစ်နာရသည့်အဖြစ်များ ရှိနေပါသည်။ မြန်မာနိုင်ငံတွင် နှစ်ကာလရှည်ကြာစွာ အမြစ်တွယ်ရှင်သန်နေသော အဂတိ လိုက်စားမှု ပြဿနာကို ပြည်သူ့အစိုးရအနေဖြင့် စိတ်ဆန္ဒပြင်းပြစွာဖြင့် ကိုင်တွယ်ဖြေရှင်းနေဆဲဖြစ်ပါသည်။

သြဂုတ်လ ၅ ရက်နေ့က ပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ရုံးသစ်ဖွင့်ပွဲ အခမ်းအနား တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က “အဂတိလိုက်စားမှုဟာ နိုင်ငံတော်ခေတ်မီ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျတဲ့ ခလုတ်တံသင်းတစ်ခု ဖြစ်ပါတယ်။ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူလူထုရဲ့ လူနေမှု  အဆင့်အတန်းမြင့်မားရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး တို့ကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနဲ့ တိုက်ဖျက်ရေး လုပ်ငန်းတို့ကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ရာတွင် အစိုးရ ဝန်ကြီး ဌာနများနဲ့ အစိုးရ မဟုတ်သော အဖွဲ့ အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ သတင်းမီဒီယာများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးကလည်း စုပေါင်းအင်အားဖြင့် ဝိုင်းဝန်း ပူးပေါင်း ကြိုးပမ်း ကြစေလိုကြောင်းပြောကြားခဲ့သည်။

အဂတိလိုက်စားမှုသည် လူမှုဘဝနယ်ပယ်အသီးသီး၌ ကျယ်ပြန့် နက်ရှိုင်းစွာ စိမ့်ဝင်နိုင်သည်ကို မြင်တွေ့ ကြရမည် ဖြစ်သည်။ အဂတိလိုက်စားမှုသည် လူတို့၏သည်းခြေကြိုက်ဟုလည်း ဆိုရမည်ဖြစ်သလို လူတို့ကို အလွယ် တကူ ဖျက်ဆီးနိုင်သော အရာလည်းဖြစ်သည်။ ထို့ကြောင့် အဂတိသည် ကူးစက်လွယ်သည့် ရောဂါပိုးကဲ့သို့ဖြစ်ပြီး အန္တရာယ်ရှိသည်ကို သတိပြုရမည် ဖြစ်သည်။ အဂတိလိုက်စားမှုသည် ပုဂ္ဂိုလ်ရေး ဆိုင်ရာ မမှန်ကန်သည့် အပေးအယူကိစ္စ သက်သက်သာမဟုတ်ပေ။ လူမှုဘဝနယ်ပယ်အသီးသီး၌ လာဘ်ပေး လာဘ်ယူ ပြုလုပ်ခြင်း သာမက အဂတိတရား(၄)ပါး ငြိစွန်း နေပါကလည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ကြီးစွာ ထိခိုက်စေပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းကို ယခင်နှင့်မတူ သိသိသာသာ အလေး အနက်ထား တိုက်ဖျက်နေသည်ကို တွေ့နိုင်ပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်း သည်မှ မဟာဗျူဟာစီမံချက် (၂၀၁၈-၂၀၂၁) ကို ရေးဆွဲကာ နှစ်အလိုက် လုပ်ငန်း စဉ်များချမှတ် အကောင် အထည်ဖော်ဆောင်ရွက်နေရာ၌ လုပ်ငန်းနယ်ပယ် (၅) ခု၊ လုပ်ငန်းစဉ် (၁၃) ခု၊ စံသတ်မှတ်ချက် (၅၃) ခုမဟာဗျူဟာတွင်ပါရှိပြီး ယခုအခါ စံသတ်မှတ်ချက် ၈၀ ရာခိုင်နှုန်းအထက် အောင်မြင်ပြီးမြောက်ခဲ့ သည်ကို တွေ့ရသည်။ သို့သော် လက်တွေ့ကျပြီး တာရှည်ခံသော အောင်မြင်မှုဖြစ်ထွန်းစေရန်အတွက် နည်းဗျူဟာ နှစ်ရပ်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် စီစဉ်လျက်ရှိသည်။

ထိုနည်းဗျူဟာနှစ်ရပ်တွင် အများပြည်သူဆိုင်ရာ ရုံး၊ ဌာန၊ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှုနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၏ ဖြောင့်မတ်တည်ကြည်မှုတို့အား ဟန်ချက်ညီမြှင့်တင်ပေးရေးကို လက်တွေ့ ကျသည့်နည်းဗျူဟာအဖြစ် တွေ့မြင်ရသည်။ အဂတိလိုက်စားသူများ၏ ဒုစရိုက်နယ်ပယ်ကို တဖြည်းဖြည်း ကျဉ်းမြောင်းသည်ထက်ကျဉ်းမြောင်း သွားနိုင်ပါသည်။ ဌာန/ပြင်ပ ဖြောင့်မတ် တည်ကြည် ခြင်းဟူသော အမှု ကိစ္စသည် အရေးပါသောအချက် ဖြစ်သည်။ ကိုယ်ကျင့်သိက္ခာနှင့် သက်ဆိုင်သောကြောင့် ဥပဒေ၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အလေ့အကျင့်များဖြင့် ပြုပြင်ပြောင်းလဲ တည့်မတ် ပျိုးထောင်ပေးကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှုကင်းစင်ပါလျှင် ပြည်သူများ၏ စိတ်ဓာတ်ခွန်အားများ တိုးတက်ခိုင်မာအားကောင်းလာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာရမည်သာဖြစ်ရာ အဂတိ လိုက်စားမှု တိုက်ဖျက် ရေးလုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် အားလုံးတက်ညီလက်ညီ ဝိုင်းဝန်း စုပေါင်း တိုက်ဖျက် နိုင်ကြစေရန် တိုက်တွန်းအပ်ပါကြောင်း။ ။