Skip to main content

ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း၏ ဖွင့်ပွဲနှင့် ပန္နက်တင်မင်္ဂလာ အခမ်းအနား ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၀

ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း (JMASVTI) ၏ ဖွင့်ပွဲအခမ်းအနားနှင့် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်ရှိ ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်း (JMASVTI) ဆောက်လုပ်မည့် မြေကွက်လပ်ရှိ ယာယီမဏ္ဍပ်တွင် ကျင်းပ သည်။

အဆိုပါ အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဦးအေးသာအောင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရဝင်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့မှ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဂျပန်နိုင်ငံ၏ လွှတ်တော် ကိုယ်စားလှယ် များဖြစ်ကြသော Mr. Kozo YAMAMOTO နှင့် Mr. Satoshi FUJIMARU၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာအိချိရောမာရုယာမ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ Chief Representative၊ Mr. Masayuki KARASAWA၊ မြန်မာ-ဂျပန်လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးရေး အသင်းဥက္ကဋ္ဌ ဦးကျော်ထွေး၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာ့မော်တော်ယာဉ် ဖွံ့ဖြိုးမှုအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့မှ ကိုယ်စားလှယ်များ၊ သက်မွေးပညာသင်ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်း၏ စီမံကိန်းသည် ဂျပန်နိုင်ငံ အစိုးရ၏ အကူအညီအထောက်အပံ့ဖြင့် ယခင်စက်မှုလက်မှု အထက်တန်းကျောင်း(အောင်ဆန်း)တွင်  ဆောက်လုပ်ပြီး လိုအပ်သည့် သင်ထောက်ကူ ပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဤကျောင်းတွင် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှု နည်းပညာရပ်နှင့်  စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်နည်း ပညာရပ်နှစ်ခုကို ဂျပန်နိုင်ငံ၏ အတွေ့အကြုံ၊ နည်းပညာနှင့် မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသော လုပ်သားဈေးကွက်နှင့်ကိုက်ညီသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာ လူငယ်၊ လူရွယ်များ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မှာဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ(၂)ရက်နေ့မှ စတင်၍ မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းမှု နည်းပညာရပ်နှင့်  စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်နည်းပညာရပ် (၂)ခုတို့ကို AGTI ဒီပလိုမာအဆင့် (၃)နှစ် သင်တန်းဖွင့်လှစ် သင်ကြားပို့ချပေးနေပြီ ဖြစ်ပါကြောင်း။

ပညာရေးဝန်ကြီးဌာန အနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာရေးကို စိတ်ပါဝင်စား သင်ယူလိုသူများ လေ့လာသင်ယူခွင့်ရရှိရေး၊ အရည်အသွေး အာမခံမှုရှိရေးနှင့်  ပိုမိုကောင်းမွန်သော နည်းပညာနှင့် သက်မွေးပညာရေး ဖြစ်ပေါ်လာစေရန် မဟာဗျုဟာများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လုပ်ငန်းခွင်လိုအပ်ချက်နှင့် ကိုက်ညီစေသည့် နည်းပညာနှင့် သက်မွေး ပညာရေး အစီအစဉ်များအနက် ယနေ့ဖွင့်လှစ်သည့် ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းသည် မဟာဗျုဟာမြောက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော ပညာရေးဆိုင်ရာ စီမံကိန်းများအနက် လွန်စွာတန်ဖိုးရှိသော စီမံကိန်း တစ်ခုဖြစ်ပါကြောင်း၊ အစဉ်ပြောင်းလဲ တိုးတက်နေသော ဈေးကွက်လိုအပ်ချက်ကို စောင့်ကြည့်လေ့လာ သုံးသပ်ပြီး အရည်အချင်းရှိသော ကျွမ်းကျင်အတတ်ပညာရှင်များ လေ့ကျင့်သင်ကြား ပြုစု မွေးထုတ်ပေးနိုင်စေရေးအတွက် အထူးအလေးအနက်ထား၍ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် ဂျပန်လွှတ်တော်ကိုယ်စားလှယ် Mr. Kozo YAMAMOTO က အမှာစကား ပြောကြား၍ Japan International Cooperation Agency (JICA) ၏ Chief Representative ဖြစ်သူ Mr. KARASAWA Masayuki က JMASVTI တည်ထောင်ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဂျပန်လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော Mr. Yamamoto Kozo နှင့် Mr. Fujimaru Satoshi၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာအိချိရောမာရုယာမ တို့မှ သတ်မှတ်နေရာ အသီးသီးတွင် နေရာယူ၍ ပန္နက်တင်မင်္ဂလာ အစီအစဉ်အား ဆောင်ရွက်ကြသည်။

ယင်းနောက် ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း(JMASVTI) ဖွင့်ပွဲအခမ်း အနားအား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မြန်မာ-ဂျပန် လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးရေး အသင်း၏ဥက္ကဋ္ဌ ဦးကျော်ထွေး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးနှင့် ဂျပန်နိုင်ငံ လွှတ်တော် ကိုယ်စားလှယ် Mr. Yamamoto Kozo နှင့် Mr. FUJIMARU Satoshi၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Maruyama Ichiro နှင့် JICA Myanmar Office မှ Chief Representative Mr. Karasawa Masayuki တို့က ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်း၏ ဖွင့်ပွဲနှင့် ပန္နက်တင်မင်္ဂလာ အခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)