Skip to main content

ရခိုင်ပြည်နယ်တွင် ဆောင်ရွက်မည့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း အပါအဝင် အလုပ်အကိုင် အခွင့်အလမ်း (၁,၃၀၀) ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်းများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

နေပြည်တော် ဇန်နဝါရီ ၁၀

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဉက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၁)ဦး တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၊  ဂုံးချွိန်ကျေးရွာ အုပ်စုတွင် ရင်းနှီးမြှုပ်နှံမည့် ၁၃၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းအပါအဝင် အခြားကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဟိုတယ်ကဏ္ဍတို့မှ လုပ်ငန်း (၆)ခု ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၂၅၇ဒသမ၈၂) သန်းနှင့် ကျပ် (၆၀,၂၂၈ဒသမ၃၀) သန်းရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁,၃၁၇) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ နိုင်ငံပေါင်း (၅၀)မှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇ ဒသမ ၀၄ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင်  စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၁၅ ရာခိုင်နှုန်း) ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၀၁ ရာခိုင်နှုန်း) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။

(သတင်းစဉ်)