“တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေး၊ နိုင်ငံသူနိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ရေးပင်ဖြစ်သည့်အတွက် မိမိတို့တာဝန်များကို မှန်မှန်ကန်ကန်ဖြင့် ကျေပွန်စွာထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မတ်လ ၆ ရက်နေ့တွင် ကလောတပ်နယ်၌ ပြောကြားခဲ့သည်။
တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ပြည်သူများထဲမှ ပေါက်ဖွားလာသည့် တပ်မတော်ဖြစ်သည်။ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများနှင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ တပ်မတော်သည် မြန်မာနိုင်ငံကို အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ် ပေါ်ပေါက်လာရေးအတွက် စွန့်လွှတ်စွန့်စားတိုက်ပွဲဝင်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက်တွင်လည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေရန် ပြည်တွင်း/ပြည်ပအန္တရာယ်အမျိုးမျိုးတို့ကို အသက်၊ သွေး၊ ချွေးတို့ ရင်းနှီးပေးဆပ်၍ ကာကွယ်စောင့်ရှောက်ခဲ့သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး သမိုင်းကြောင်းတစ်လျှောက်တွင် ပြည်တွင်းပြည်ပအန္တရာယ်အမျိုးမျိုးတို့ကြောင့် ဖြစ်ပေါ်လာသည့် ပြည်ထောင်စုကြီးပြိုကွဲ လုနီးပါးဖြစ်လာချိန်တွင်လည်းကောင်း၊ တရားဥပဒေစိုးမိုးမှုပျက်သုဉ်းလာချိန်တွင်လည်းကောင်း နိုင်ငံတော်အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို တာဝန်ယူကာကွယ်ခဲ့သည်။ တပ်မတော်သည်ကာကွယ်ရေးတာဝန်သာမက လိုအပ်ပါက အမျိုးသားရေးတာဝန်အဖြစ် နိုင်ငံတော်အုပ်ချုပ်ရေးတာဝန်၊ နိုင်ငံတော်တည်ဆောက်ရေးတာဝန်၊ နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာဝပြောရေးတာဝန်များအား နိုင်ငံတော် နှင့်ပြည်သူအကျိုးကိုရှေးရှု၍ ကျေပွန်စွာထမ်းရွက်လျက်ရှိသည်။
တပ်မတော်သည် ပထဝီနိုင်ငံရေးနှင့်ပြည်တွင်းနိုင်ငံရေးအခြေအနေများအရ သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်။ (၂၀၀၈ ခုနှစ်)ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း(၁)ပါ အခြေခံမူများတွင် “နိုင်ငံတော်သည်ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကား ရေး၊ နိုင်ငံတော်၌တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့်ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးနှင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်” ဆိုသည့် အချက်များနှင့်အညီ ထမ်းဆောင်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော လက်နက်ကိုင်ပဋိပက္ခများမှာ ယနေ့ထက်တိုင်ချုပ်ငြိမ်းခြင်းမရှိသေးပေ။ မျက်မှောက်ကာလတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုစည်းနေထိုင်ကြသည့် ပြည်ထောင်စုကြီးကို ပြည်တွင်း/ ပြည်ပမှအမျိုးမျိုးအဖုံဖုံ ခြိမ်းခြောက်နှောင့်ယှက်မှုများရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ နှစ်ပေါင်းများစွာ မငြိမ်းချမ်းသောအခြေအနေများကြောင့် ဖွံ့ဖြိုးတိုးတက်မှုများလိုအပ်လျက်ရှိသည်။ ထိုအချိန်တွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် ပြည်ထောင်စုကြီးအဓွန့်ရှည်တည်တံ့ခိုင်မြဲရေးကို ပျက်ယွင်းစေမည့်ပြည်တွင်း/ပြည်ပမှ သွေးထိုးလှုံ့ဆော်မှု၊ နှောင့်ယှက်ဖျက်ဆီးမှုများပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းတို့ကို ကာကွယ်ရန်နှင့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်။
လက်ရှိတွင် နိုင်ငံ၏သမိုင်းကြောင်းနှင့် နောက်ခံအကြောင်းတရားများကို မျက်ကွယ်ပြုပြီး တပ်မတော်အပေါ် မဟုတ်မမှန်စွပ်စွဲမှုများ၊ သွေးထိုးနှောင့်ယှက် ဖျက်ဆီးမှုများရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ တိုင်းပြည်တစ်ပြည်တွင် အင်အားတောင့်တင်းခိုင်မာသော တပ်မတော်တစ်ရပ်ရှိမှသာ ထိုတိုင်းပြည်သည် အဓွန့်ရှည်တည်တံ့ခိုင်မြဲခြင်း၊ တည်ငြိမ်အေးချမ်းခြင်း၊ ကျင့်သုံးနေသော နိုင်ငံရေးစနစ်တည်တံ့ခိုင်မြဲအောင် ကာကွယ်နိုင်ခြင်းတို့ကိုရရှိနိုင်မည်ဖြစ်သည်။ အထူးသဖြင့် ထိုတိုင်းပြည်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို အဓိကကာကွယ်စောင့်ရှောက်ပေးမည့်သူမှာ ထိုတိုင်းပြည်၏ တစ်ခုတည်းသော တပ်မတော်ပင်ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသားလူမျိုးတစ်ရာကျော်စုစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးတွင် တပ်မတော်၏အခန်းကဏ္ဍမှာ အရေးကြီးကြောင်းကို သမိုင်းကြောင်းတွင် တွေ့ရမည်ဖြစ်သည်။
ထို့ကြောင့် တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူအားလုံး အတူပူးပေါင်းလက်တွဲပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေး၊ အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝမြင့်မားတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်