သတင်းအချက်အလက်နည်းပညာခေတ် (Information Age) ကို ၁၉၉၀ ပြည့်နှစ်ကစတင်ခဲ့ပြီး ကွန်ပျူတာနည်းပညာနှင့်အတူ သိပ္ပံနှင့်နည်းပညာ၊ သတင်းအချက်အလက်နည်းပညာများ လျင်မြန်စွာအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး ကဏ္ဍအသီးသီးတွင် အထောက်အကူများစွာ ပြုလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ဆက်သွယ်ရေးနည်းပညာတွင် အင်တာနက်နှင့် လက်ကိုင်ဖုန်းနည်းပညာတို့သည် တစ်နေ့ထက်တစ်နေ့ ဆန်းသစ်လာပြီး လူသားလောကအကျိုးကို ဆောင်ကြဉ်းပေးလျက်ရှိသည်။
မျက်မှောက်ကာလတွင် ဒစ်ဂျစ်တယ်နည်းပညာ လျင်မြန်စွာဖွံ့ဖြိုးတိုးတက် ပြောင်းလဲလာမှု၊ ကျယ်ပြန့်စွာချိတ်ဆက်အသုံးပြုနိုင်မှုတို့ကြောင့် ဒစ်ဂျစ်တယ်နည်းပညာမျက်နှာစာ အသီးသီးမှတစ်ဆင့် သတင်းအချက်အလက်များရရှိခြင်း၊ အသိပညာဗဟုသုတများ လေ့လာသင်ယူနိုင်ခြင်း၊ အပေါင်းအသင်းမိတ်ဆွေ မိတ်ဟောင်း၊ မိတ်သစ်များနှင့် စဉ်ဆက်မပြတ် ရင်းနှီးချစ်ကြည်ထိတွေ့ဆက်ဆံမှုများတိုးတက်လာခြင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အလမ်းများရရှိခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိပြီး နေ့စဉ်လူမှုဘဝများတွင် များစွာအထောက် အကူပြုနေသည်။ တိုးတက်ဖြစ်ထွန်းကောင်းကျိုးပြုခြင်းများနှင့်အတူ ဆုတ်ယုတ် ပျက်စီး အန္တရာယ်ဖြစ်စေနိုင်သည့်အချက်များကိုလည်း သတိပြုရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကွန်ပျူတာနည်းပညာအသုံးပြုမှုကို ၁၉၉၀ ပြည့်လွန်နှစ် ကာလများမှ စတင်အသုံးပြုလာပြီး ဆက်သွယ်ရေးနည်းပညာအသုံးပြုမှုကို ၂၀၀၀ ပြည့်လွန်ကာလများမှစ၍ တစ်နှစ်ထက်တစ်နှစ် တွင်ကျယ်စွာအသုံးပြုလာသည်။ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံအတွင်းရှိ အိမ်ထောင်စုများအားလုံး၏ ၈၆ ရာခိုင်နှုန်းခန့်သည် အနည်းဆုံး လက်ကိုင်ဖုန်းတစ်လုံးပိုင်ဆိုင်ထားကြပြီး လက်ကိုင်ဖုန်းနှင့်အတူ အင်တာနက်အသုံးပြုနိုင်မှုအပိုင်းတွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုအားလုံး၏ ၅၆ ရာခိုင်နှုန်းသည် အိမ်သုံးအင်တာနက် အသုံးပြုလျက်ရှိသည်ကို တွေ့ရသည်။ အင်တာနက်အသုံးပြုမှုသည် မြို့ပြတွင် ၇၄ ဒသမ ၇ ရာခိုင်နှုန်းနှင့် ကျေးလက်တွင် ၄၈ ဒသမ ၈ ရာခိုင်နှုန်းအသုံးပြုနေသည်ကို အံ့မခန်းတွေ့ရှိရသည်။ ထိုသို့ ဆက်သွယ် ရေးနည်းပညာကို ကျယ်ပြန့်စွာအသုံးပြုကြရာတွင် လူသားအကျိုးပြုလုပ်ငန်းများ၌ ထိရောက်စွာအသုံးပြုနိုင်ပါက နိုင်ငံအတွက် အကျိုးများစွာဖြစ်ထွန်းနိုင်သည်။
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ အခွင့်အလမ်းများကို ပြည်သူအများစုရရှိနေပြီဖြစ်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဆီသို့ ကျားမတန်းတူညီမျှစွာဖြင့် အရောက်လှမ်းနိုင်ရန် ကြိုးပမ်းအားထုတ်သင့်သည်။ နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုအကြောင်းပြု၍ တီထွင်ဆန်းသစ်မှု၊ နည်းပညာနှင့် ဒစ်ဂျစ်တယ်အသိပညာဆိုင်ရာ ကျားမရေးရာ အလေးထားချဉ်းကပ် မှုနှင့် မြှင့်တင်ဆောင်ရွက်မှု၊ နည်းပညာများ စဉ်ဆက်မပြတ်လက်လှမ်းမီရရှိမှု၊ နည်းပညာဆိုင်ရာ လေ့ကျင့်သင်ကြားမှုများကို ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ပေသည်။ “သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာစီမံကိန်း(၂၀၂၂-၂၀၂၇)”၏ အခန်း(၅) “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာကဏ္ဍ” မဏ္ဍိုင်(၁) “အခွင့်အလမ်းနှင့်လူတိုင်းအကျုံးဝင်မှု” တွင် ကျားမ ရေးရာမူဝါဒကို ရေးဆွဲထားသည်။ အဆိုပါမဟာဗျူဟာစီမံကိန်းကို နိုင်ငံတော်၏မူဝါဒနှင့်အညီ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် ချိတ်ဆက်ထားသည်။
နည်းပညာကို လက်လှမ်းမီရရှိပြီး ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်သည့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို လက်လှမ်းမီ အသုံးပြုနိုင်မည်ဆိုလျှင် အသက် မွေးဝမ်းကျောင်းလုပ်ငန်းများကို ပိုမိုလုပ်ကိုင်နိုင်မည်ဖြစ်ကာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများအား မှီခိုမှုကင်းစွာဖြင့် ဆောင်ရွက်လာနိုင်မည်ဖြစ်သောကြောင့် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သလို နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာအကျိုးသက်ရောက်လာမည်ဖြစ်သည်။ သို့သော် ဆန်းသစ်သည့်နည်းပညာများ တိုးတက်လာခြင်းနှင့်အတူ တစ်ဖက်တွင်လည်း နည်းပညာကိုအသုံးပြု၍ အွန်လိုင်းပေါ်မှ ငွေကြေးလိမ်လည်မှုများ၊ အမျိုးသမီးများအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများ၊ အွန်လိုင်းမှတစ်ဆင့် နှောင့်ယှက်မှုများ၊ ခြိမ်းခြောက်မှုများ၊ အွန်လိုင်းမှတစ်ဆင့် အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုလုပ်ငန်းများ လုပ်ကိုင်ရန် အတင်းအကျပ်ခိုင်းစေမှုများရှိနေသည်ကို သတိပြုရမည်ဖြစ်သည်။
သို့ဖြစ်ရာ သတင်းအချက်အလက်နှင့် နည်းပညာဆန်းသစ်မှုများ ပေါ်ထွန်း နေသည့်ခေတ်ကာလတွင် ပြည်သူများအနေဖြင့် နည်းပညာကိုအသုံးပြု၍ လက်လှမ်း မီသည့် တီထွင်ဆန်းသစ်မှုများ၊ အသိပညာဗဟုသုတများ တိုးတက်ရှာဖွေမှုများ၊ လူမှုဆက်ဆံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို တိုးတက်ရှာဖွေလုပ်ကိုင်နိုင်ရန် ကြိုးစားအားထုတ်ပြီး သတင်းအချက်အလက်နှင့် နည်းပညာပေါ်မှ မမှန်မကန်ဆောင်ရွက်မှုများ၊ လိမ်ညာလှည့်ဖြားမှုများနှင့် လမ်းမှားရောက်အောင် ပို့ဆောင်နေမှုများကို သတိပြုရှောင်ရှားဆင်ခြင်နိုင်ကြစေရန် အသိပေးနှိုးဆော်အပ်ပါကြောင်း။ ။