Skip to main content

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရေး လက်လှမ်းမီ သာတူညီမျှစနစ်လွှမ်းခြုံ

နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျန်းမာရေးနယ်ပယ်အသီးသီးမှပညာရှင်များ ချစ်ကြည်ရင်းနှီးမှုရှိစေရန်နှင့် အပြန်အလှန်ပေါင်းစပ်ညှိနှိုင်း သင်ကြားရေးနှင့်ကုသရေးကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျန်းမာရေးကဏ္ဍနယ်ပယ်စုံမှ ပညာရှင်များ ပါဝင်ဆင်နွှဲစေခြင်းဖြင့် ခေတ်မီဆေးပညာရပ်များ ဖွံ့ဖြိုးတိုးတက်နေမှုများနှင့်ပတ်သက်၍ သိရှိနားလည်နိုင်စေရန်၊ ဆေးနှင့်ဆေးနှီးနွှယ် ပညာရှင်များအနေဖြင့် တိုးတက်ပြောင်းလဲနေသော ဆေးပညာရပ်များအား စဉ်ဆက်မပြတ် လေ့လာဆည်းပူးလိုစိတ်များဖြစ်ထွန်းစေရန်၊ ပြည်သူလူထုအား အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများပေးရာတွင် အထောက်အကူပြုနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီးကို ကျင်းပနေပြီဖြစ်သည်။

မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီးကို “အရည်အသွေးရှေးရှု ကျန်းမာရေးစောင့်ရှောက်မှု” ခေါင်းစဉ်ဖြင့် ကျင်းပလျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးနှင့်သက်ဆိုင်သည့် နယ်ပယ်အသီးသီးမှ ဆေးနှင့် ဆေးနှီးနွှယ်ပညာရှင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးအောက်ရှိ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ဆေးပညာရှင်များ၊ အငြိမ်းစားကျန်းမာရေးပညာရှင်များ၊ အငြိမ်းစားတပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ ပြင်ပဆရာဝန်များသာမက အာရှနှင့် အရှေ့တောင်အာရှအတွင်းမှ ဆေးပညာရှင်များတက်ရောက်၍ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ မြင့်မားတိုးတက်စေရန် ဆွေးနွေးညှိနှိုင်း ပညာဖလှယ် မျှဝေပေးနေပြီဖြစ်သည်။

ကျန်းမာရေးကဏ္ဍတွင် ပညာပေးဝေဖလှယ်ကာ ဝိုင်းဝန်းမြှင့်တင်ဆောင်ရွက်ပေးခြင်းသည် မိဘပြည်သူအပေါင်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုအဆင့် အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်သူများ၏ မျှော်မှန်းလူ့သက်တမ်းမြင့်မားလာပြီး လူတိုင်းသက်တမ်းစေ့နေနိုင်ရေး၊ လူတိုင်းရောဂါဘယကင်းရှင်းစေရေး စသည့်ရည်မှန်းချက်များ ပြည့်မီစေရန်နှင့် ပြည်သူများ၏ ကိုယ်ပိုင်ငွေကြေးထဲမှ စိုက်ထုတ်သုံးစွဲရသည့် ကုန်ကျမှုသက်သာစေပြီး အားလုံးလက်လှမ်းမီ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ရပ်ဖြစ်ပေါ်လာစေရေး စသည့်ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဖြစ်သည်။ ထို့အပြင် အနာဂတ်ကာလ၌ ဆက်လက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ကြရမည့် ရောဂါကာကွယ်တားဆီးရေး၊ ကုသရေးနှင့် ပြန်လည်သန်စွမ်းရေးနှင့်သက်ဆိုင်သည့် လုပ်ငန်းများအတွက် အခြေခံကောင်းများ၊ အတွေးအမြင်သစ်များနှင့် အတွေ့အကြုံကောင်းများ၊ သင်ခန်းစာယူရမည့်အချက်များကို မျှဝေရရှိမည်ဖြစ်ရာ မျိုးဆက်သစ်ကျန်းမာရေးပညာရှင်များနှင့် ကျန်းမာရေးဝန်ထမ်းများအားလုံးအတွက် များစွာအထောက်အကူပြုမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လူမှုရေးဦးတည်ချက်၌ “နိုင်ငံ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေး” ကို ချမှတ်ထားပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အရည်အချင်းပြည့်ဝသော ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဆေးနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ် ၁၆ ခု၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၅၃ ကျောင်းတို့ကို ဖွင့်လှစ်ပြီး သင်ရိုးညွှန်းတမ်းများကို လိုအပ်ချက်များနှင့်အညီ ပြုပြင်ပြောင်းလဲသင်ကြားပေးလျက်ရှိသည်။ ဆေးပညာသင်ရိုးညွှန်းတမ်းကို နိုင်ငံတကာအဆင့်မီဖြစ်စေရန် မျှော်မှန်းရလဒ်အခြေခံသည့် စုစည်းချိတ်ဆက်သင်ကြားနည်းစနစ်ကို ပြောင်းလဲသင်ကြားပြီး ကျန်းမာရေးပညာရှင်များအကြား ယှဉ်တွဲလေ့လာသင်ယူမှုနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်တတ်စေရေးတို့ကိုပါ ထည့်သွင်းသင်ကြားပေးလျက်ရှိသည်။

ဆေးဘက်ဆိုင်ရာပညာများကို အရေအတွက်သာမက အရည်အချင်းကိုပါ အလေးထားပြီး ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာများကိုပါ ထည့်သွင်းသင်ကြားပေးနေသဖြင့် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုအတွက် များစွာကျေနပ်အားရစရာဖြစ်သည်။ ကျန်းမာရေးပညာရှင်များပေါ်ထွက်ရေး၌ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များကို တက်ရောက်ရန် ဝင်ခွင့်ရွေးချယ်ရာတွင် ဆေးပညာရပ်ကို အမှန်တကယ်စိတ်ဝင်စားသူများ၊ ဆေးပညာကျင့်ဝတ်ကို လိုက်နာစောင့်ထိန်းမည့်သူများ၊ ကျန်းမာရေးနယ်ပယ်တွင် တာဝန်ထမ်းဆောင်လိုသူများ၊ စိတ်ကောင်းစေတနာ၊ မွန်မြတ်စိတ်ထားမေတ္တာတရားဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးလိုသူများကိုသာ စနစ်တကျရွေးချယ်ဝင်ခွင့်ပြုသည့် စနစ်သစ်ကို ၂၀၂၂ ခုနှစ် ပညာသင်နှစ်မှစတင်၍ ကျင့်သုံးလျက်ရှိသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရသည်။

သို့ဖြစ်ရာ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရန်အတွက် လက်တွဲညီညာဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပြီး ပြည်သူလူထုကျန်းမာရေးဝန်ဆောင်မှုကို လူတိုင်းလက်လှမ်းမီပြီး သာတူညီမျှရှိသည့် ကျန်းမာရေးလွှမ်းခြုံမှုစနစ်ဖြစ်ပေါ်လာအောင် အကောင်အထည်ဖော်နိုင်လိမ့်မည်ဟုယုံကြည်ပါကြောင်း။          ။

ကြေးမုံ,အယ်ဒီတာ့အာဘော်