လာမည့်မိုးရာသီ ဇွန်၊ ဇူလိုင် သစ်ပင်စိုက်ပျိုးရေးလများတွင် ဖြန့်ဝေစိုက်ပျိုးနိုင်ရန်အတွက် သစ်ပင်ပျိုးပင်များကို ပြုစုပျိုးထောင်လျက်ရှိပြီဖြစ်သည်။ နိုင်ငံအတွင်းရှိ ဒေသအနှံ့အပြား မြို့ရွာများတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် နှစ်စဉ်သစ်ပင်ပေါင်း သန်းနှင့်ချီ၍ လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးလျက်ရှိသော်လည်း “ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း” ဟူသော ဆောင်ပုဒ်ပါ လုပ်ငန်းစဉ်များအတိုင်း လိုက်ပါဆောင်ရွက်နိုင်မှုမှာ အားနည်းလှသည်။
ကုလသမဂ္ဂ၏ အဆိုအရ ကမ္ဘာပေါ်တွင် နှစ်စဉ်သစ်တော ဟက်တာ ၇ ဒသမ ၃ သန်းခန့် ပျောက်ကွယ်လျက်ရှိသည်ဟု သိရသည်။ မိမိတို့နိုင်ငံတွင်လည်း သစ်နှင့် သစ်တောထွက် ပစ္စည်းများ ထုတ်ယူခြင်း၊ သစ်တောများကိုခုတ်ထွင်၍ စိုက်ပျိုးမြေများအဖြစ် အသုံးပြုခြင်း၊ ရွှေအပါအဝင် သတ္တုတူးဖော်ခြင်း၊ ဆည်တာတမံများ၊ လမ်းတံတားအခြေခံ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ မြို့ရွာများတိုးချဲ့ခြင်း စသည့်အကြောင်းများကြောင့် သစ်တောများ ပြုန်းတီးလျက်ရှိသည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း နှစ်စဉ်သစ်တောပြုန်းတီးမှု ပျမ်းမျှ ၇၁၄၁၃၄ ဧက ပြုန်းတီးခဲ့သည်ဟု ဆိုသည်။ သစ်ပင်သစ်တောများ ပြုန်းတီးခြင်း၏ နောက်ဆက်တွဲအဖြစ် ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးခြင်း၊ မြေဆီလွှာပျက်စီးမှုဖြစ်ပေါ်ခြင်း၊ ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်းတို့ အပါအဝင် တန်ဖိုးကြီးစွာပေးဆပ်ရသည့် ဆိုးကျိုးများစွာတို့ကို ဖြစ်ပေါ်စေသည်။ သစ်ပင်သစ်တောများ ပြုန်းတီးပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးရလဒ်များ လျော့ပါးစေရေး၊ မြို့ရွာများ စိမ်းလန်းစိုပြည်ရေးတို့အတွက် နှစ်စဉ်သစ်ပင်များ စိုက်ပျိုးရာတွင် စိုက်သမျှရှင်သန်ဖြစ်ထွန်းမည်ဆိုပါက အတိုင်းထက်အလွန် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။
၂၀၂၁ ခုနှစ် မိုးရာသီပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးရေးစီမံချက်အရ အပင်ရှင်သန်မှု ရာခိုင်နှုန်း မြင့်မားရေးအတွက် ပျိုးသက် (၂)နှစ်၊ အမြင့် (၂) ပေရှိ ကျန်းမာ ကြံ့ခိုင်သော ပျိုးပင်များကိုသာ စိုက်ပျိုးရန်စီမံခဲ့သည်။ တစ်ပင်စိုက် တစ်ပင်ရှင်သန်နိုင်ရေးအတွက် ဒေသ၏ ရေမြေ ရာသီဥတုနှင့် ကိုက်ညီသော သစ်ပင်မျိုးကိုသာ ရွေးချယ်စိုက်ပျိုးရန်၊ သစ်ပင်ရှင်သန်ကြီးထွားနိုင်ရေးအတွက် မြေကျင်းတူးခြင်း၊ မြေဆီဩဇာထည့်သွင်းခြင်းတို့ စနစ်တကျပြုလုပ်ရန်၊ စိုက်ပြီးသစ်ပင်များကို တိရစ္ဆာန်များကြောင့် မပျက်စီးရေး ကာကွယ်ထိန်းသိမ်းရန်၊ သေသောအပင်များ၏နေရာ များတွင်လည်း ဖာထေးစိုက်ပျိုးရန်၊ ပုံမှန်ရေလောင်းခြင်းနှင့် မြေအစိုဓာတ်ထိန်းသိမ်းခြင်းပြုလုပ်ရန်၊ မီးဘေးကာကွယ်ရန် စသည့်လုပ်ငန်းစဉ်များကို မပျက်မကွက်ဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်သည်။
နှစ်စဉ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည့် သစ်ပင်များစွာတို့ ရှင်သန်ဖြစ်ထွန်းမှုမှာ မရှိသလောက် နည်းလှသည်။ ပျိုးပင်များ အရေအတွက်များခြင်းထက် တစ်ပင်ဆိုလျှင်တစ်ပင် မြေချစိုက်ပျိုး ရှင်သန်နိုင်သည့်အရွယ်အထိ ပြုစုပျိုးထောင်ရွှေ့ပြောင်း စိုက်ပျိုးခြင်းက ရှင်သန်ဖြစ်ထွန်းမှု ပိုမိုမြင့်မားနိုင်မည်ဖြစ်သည်။ စိုက်ပျိုးမှု အရေအတွက် ကိန်းဂဏန်းများပြားခြင်းကို ဦးတည်ဆောင်ရွက်ခြင်းမပြုဘဲ စိုက်သမျှရှင်သန်သည့် အရေအတွက်ကို ဦးတည်ဆောင်ရွက်ခြင်းဖြင့် မြို့ရွာဒေသများ ပိုမို၍စိမ်းလန်းစိုပြည် သာယာနိုင်ပါစေကြောင်း။ ။