နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “နိုင်ငံ၏အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေး” လူမှုရေးဦးတည်ချက်ကို ချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။ ပြည်သူများ သက်ရှည်ကျန်းမာရေးကို ဆောင်ရွက်ပေးရာ၌ အစားအသောက်များ ဘေးကင်းလုံခြုံစိတ်ချရေးသည် အရေးကြီးသောအချက်ဖြစ်သည်။
မျက်မှောက်ကာလ လူမှုစီးပွားဘဝနယ်ပယ်များ၌ ပြည်သူများကျန်းမာရေးကို ထိခိုက်စေသည့် လုပ်ဆောင်မှုများပြုလုပ်နေသည်ကိုတွေ့ရသည်။ ဝိသမလောဘ စီးပွားရှာဖွေသူများက ပြည်သူများကျန်းမာရေးကို ထိခိုက်စေနိုင်သည့် မရိုးမသားစီးပွားရှာဖွေမှုများကို ပြုလုပ်ကြခြင်းများအပြင် အထူးသဖြင့် လူငယ်လူရွယ်များ၏ အနာဂတ်ဘဝများကို ပျက်စီးစေနိုင်သည့် မူးယစ်ဆေးဝါးဖြင့် စီးပွားရှာဖွေခြင်း နည်းလမ်းတစ်မျိုးဖြင့် လုပ်ကိုင်လာကြသည်ကိုတွေ့ရသည်။ ဝိသမစီးပွားရေးသမားများက အစားအသောက်များတွင် လူတို့၏ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဓာတုပစ္စည်းများကို အသုံးပြုလာကြသလို မသမာသူများက ကလေးသူငယ် လူငယ်လူရွယ်များ စားသုံးသည့်အစားအစာများအား စွဲလမ်းနှစ်သက်စေရန် မူးယစ်ဆေးဝါး များ အသုံးပြုလာကြသည်ကို ဖော်ထုတ်တွေ့ရှိထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့ လမ်းမတော်မြို့နယ်တွင် ကွတ်ကီးမုန့်များအတွင်း ဆေးခြောက်များထည့်သွင်း၍ အွန်လိုင်းမှတစ်ဆင့် ရောင်းချသူနှစ်ဦးကို ပြည်သူများ၏ သတင်းပေးမှုအရ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး မတ်လ ၈ ရက်နေ့ကလည်း ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ဆေးခြောက်အဆီဖြင့် ရောနှောပြုလုပ်ထားသည့် ချောကလက်မုန့်များနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိ၍ လုပ်ကိုင်ဆောင်ရွက်သည့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းသည် ၂၀၁၆ ခုနှစ်မှစတင်၍ ဆေးခြောက်အဆီထုတ်သည့်နည်းပညာကို အွန်လိုင်းမှတစ်ဆင့်လေ့လာခဲ့ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လမှစတင်၍ ဆေးခြောက်များကို အွန်လိုင်းမှတစ်ဆင့်ဝယ်ယူကာ ဆေးခြောက်အဆီများရောနှောထားသည့် ချောကလက်မုန့်များကို အွန်လိုင်းမှတစ်ဆင့်ရောင်းချခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ အသက်ရှည်ကျန်းမာရေးအတွက် ဘေးကင်းလုံခြုံစိတ်ချသော အစားအသောက်များစားသောက်နိုင်ရန် အစားအသောက်အရည်အသွေးစစ်ဆေးရေးကို တစ်နိုင်ငံလုံးလွှမ်းခြုံစစ်ဆေးပေးလျက်ရှိပြီး အရည်အသွေးမပြည့်မီသော အစားအသောက်များ၊ ပြည်သူများအား အန္တရာယ်ဖြစ်စေနိုင်သော အစားအစာ၊ ဆေးဝါးနှင့်လူသုံးကုန်ပစ္စည်းများအား ဖော်ထုတ်အရေးယူဆောင်ရွက်ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့သည် မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင် ရောင်းဝယ်ဖောက်ကားသူများကို ရှာဖွေဖော်ထုတ်အရေးယူလျက်ရှိပြီး လူငယ်ထုအတွင်း မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် စိတ်ပြောင်းဆေးဝါးအသစ်များသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သောအန္တရာယ်များကို ကြိုတင်ကာကွယ်တားဆီးလျက်ရှိသည်။
ဝိသမလောဘသည် အတောမသတ်နိုင်သကဲ့သို့ နိုင်ငံတော်အစိုးရက ထိရောက်စွာ တားဆီးကာကွယ်နှိမ်နင်းနေသည့်ကြားမှ မသမာသောလုပ်ငန်း အမျိုးမျိုးအား ဆက်လက်လုပ်ကိုင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်သူများစားသောက်သော အစားအသောက်များတွင် အန္တရာယ်ဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများကို နည်းလမ်းအဖုံဖုံဖြင့်ထည့်သွင်း၍ ကိုယ်ကျိုးစီးပွားရှာဖွေကြပြီး မျိုးဆက်သစ်လူငယ်များ လူညွန့်တုံးစေရန်အတွက် မူးယစ်ဆေးဝါးများအား အမျိုးမျိုးအဆင့်မြှင့်တင် ပြောင်းလဲထုတ်လုပ်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ ယခုကဲ့သို့ လူငယ်လူရွယ်များစားသုံးသည့် ချောကလက်မုန့်များ၊ ကွတ်ကီးမုန့်များတွင် ဆေးခြောက်အဆီများ ရောစပ်ထည့်သွင်း၍ အွန်လိုင်းပေါ်မှရောင်းချခြင်းသည် လူ့အသိုက်အဝန်းအတွင်း မည်မျှအန္တရာယ်ကြီးမားပြီး စိုးရိမ်ဖွယ်ရာအခြေအနေရှိသည်ကို သတိပြုရမည်ဖြစ်သည်။
ဝိသမလောဘသားများသည် ၎င်းတို့အကျိုးစီးပွားရလိုမှု တစ်ခုတည်းကိုသာကြည့်၍ သမားရိုးကျ အစားအသောက်များတွင် မသမာမှုများကို လွယ်လွယ်ကူကူ ပြုလုပ်နေကြခြင်းနှင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာဥပဒေအရ ထိရောက်စွာအရေးယူလျက်ရှိသည့် မူးယစ်ဆေးဝါးများကိုလည်း အသွင်အမျိုးမျိုးပြောင်းလဲကာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုများအား ပြည်သူများက အသိတရားဖြင့် ပူးပေါင်းကူညီဆောင်ရွက်မှုဖြင့် ပိုမိုထိရောက်စွာတိုက်ဖျက်ကြရမည်ဖြစ်သည်။ ကျောင်းသားလူငယ်များနှင့်လူငယ်လူရွယ်များကြားတွင် ထင်ယောင်ထင်မှားဖြစ်အောင် အွန်လိုင်းပေါ်မှ အမျိုးမျိုးဆွဲဆောင်စည်းရုံးမှုများ၊ ပြည်သူများစားသောက်သော အစားအသောက်များတွင် အန္တရာယ်ဖြစ်အောင် အကျိုးအမြတ်ရှာဖွေမှုများ၊ မူးယစ်ဆေးဝါးအနွယ်ဝင် ဆေးခြောက်များ ဆက်စပ်ပါဝင်သော အစားအစာများကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်ရောင်းချမှုများအား ပြည်သူလူထုပူးပေါင်းကူညီမှုဖြင့် တားဆီးကာကွယ်ကြရမည်ဖြစ်ပါကြောင်း။ ။