တောင်သူလယ်သမားများ၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးခြင်း၊ မြှင့်တင်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်များနှင့်မူဝါဒများကို အကောင်အထည်ဖော်ရာရောက်သကဲ့သို့ နိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်ပေးခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေခြင်းဖြစ်၍ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေသည်။
တောင်သူလယ်သမားများ၏ ရသင့်ရထိုက်သောအခွင့်အရေးများနှင့် အကျိုးစီးပွားများရရှိစေရန် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ပြဋ္ဌာန်းပြီး ဥပဒေအရ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဦးဆောင်၍ လုပ်ငန်းတာဝန်များကို တိကျစွာအကောင်အထည်ဖော်လျက်ရှိသည်။ တောင်သူလယ်သမားများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး ပြည်တွင်းစားရေရိက္ခာဖူလုံရေးနှင့် ပြည်ပပို့ကုန်တိုးတက်တင်ပို့ရေးအတွက် အရေးပါသည့်အင်အားစုကြီးဖြစ်သည်။ လယ်ယာကဏ္ဍသည် နိုင်ငံတော်၏ အမျိုးသား အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး၏ ၂၃ ဒသမ ၇ ရာခိုင်နှုန်း ပါဝင်နေသဖြင့် လယ်ယာကဏ္ဍမြင့်မားရေးကို အလေးထားဆောင်ရွက်နေသည်။
တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် အခြေခံရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်ထုတ်ပြန်ပေးခဲ့သည်။ MEB Two Step Loan အစီအစဉ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေးပေးထားသည်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းနှင့် သစ်တောမြေများတွင် ခွင့်ပြုချက်ရရှိပြီးသူများ ချေးငွေရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် စီမံပေးထားသည်။ ဆိုလာစီမံကိန်းများဖြင့် ရေလိုအပ်သည့်နေရာများတွင် သင့်လျော်သည့်ဆိုလာစနစ်များ ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာအကူအညီများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ဆည်ရေသောက်စနစ်တွင် ရေသောက်တောင်သူလယ်သမားများဖြင့် ရေအသုံးချသူများအဖွဲ့(Water Use Group-WUG)များကို ဖွဲ့စည်းဆောင်ရွက်ပေးထားသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ WUG အဖွဲ့ပေါင်း ၈၈၅၅ ဖွဲ့နှင့် တောင်သူဦးရေ ၂၂၆၉၃၀ ဦး ဖွဲ့စည်းနိုင်ခဲ့ပြီး ၎င်းမှတစ်ဆင့် Water Use Association-WUA အသင်း ၁၀ သင်းအထိ တိုးချဲ့ဖွဲ့စည်းလျက်ရှိသည်။ လက်မှုလယ်ယာမှစက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာမျိုးစုံကို လက်ငင်းစနစ်၊ အရစ်ကျစနစ်ဖြင့်ရောင်းချပေးခြင်း၊ ငှားရမ်းထွန်ယက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာအခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းပေးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ Call Centre များဖွင့်လှစ်ခြင်းနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ နှစ်ပတ်တစ်ကြိမ် သွင်းအားစု ဈေးနှုန်းများထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး သီးနှံအခြေခံရည်ညွှန်း ဈေးနှုန်းသတ်မှတ်ရေးအဖွဲ့ကို ဖွဲ့စည်းရန်ဆောင်ရွက်လျက်ရှိသည်။
ပြည်တွင်းစားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေကြာသီးနှံစိုက်ဧက ၁ ဒသမ ၅ သန်း တိုးချဲ့စိုက်ပျိုးရေး အကောင်အထည်ဖော်လျက်ရှိရာ နေကြာစိုက်တောင်သူများအတွက် နိုင်ငံတော်က ငွေကျပ် ၁၀၀ ဒသမ ၂၄၈ ဘီလီယံအား မိုးနှင့်ဆောင်းနေကြာစိုက်ပျိုးရန် ချေးငွေများထုတ်ချေးပေးလျက်ရှိသည်။ ပြည်သူလူထုဝတ်ရေးအဆင်ပြေစေရေး၊ ပြည်ပမှချည်မျှင်နှင့်ဝါ ဝယ်ယူသွင်းကုန်အစားထိုးရေး၊ ဝါသီးနှံတစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ ဝါစိုက်ပျိုးဧရိယာတိုးချဲ့စိုက်ပျိုးနိုင်ရေးကိုရည်ရွယ်၍ လေးနှစ်တာအထူးစီမံကိန်း ဧက ခုနစ်သိန်း အကောင်အထည်ဖော်လျက်ရှိသည်။ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပဲတီစိမ်းဧက ငါးသိန်းနှင့် နွေစပါး ၈ ဒသမ ၅ သိန်း ဧကအတွက်လည်း လျာထားဆောင်ရွက်လျက်ရှိသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေး မြစိမ်းရောင် (ငါးကဏ္ဍ) ကျေးရွာစီမံကိန်းကို ကျေးရွာတစ်ရွာလျှင် ငွေကျပ် သန်း ၃၀ စီဖြင့် ကျေးရွာပေါင်း ၃၉၄ ရွာတွင် အကောင်အထည်ဖော်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကြောင့်ထိခိုက်ကျဆင်းခဲ့သော ပြည်သူလူထု၏လူမှုစီးပွားဘဝနှင့် နိုင်ငံ့စီးပွားရေးအခြေအနေ ပြန်လည်မြှင့်တင်ရန် ကယား၊ ချင်း၊ ရခိုင်ပြည်နယ်သို့ ငွေကျပ် ၁၀ ဘီလီယံစီ၊ ကချင်၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးသို့ ငွေကျပ်ရှစ်ဘီလီယံစီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်ဒေသကြီး ခြောက်ခုသို့ ငွေကျပ် ငါးဘီလီယံစီ စုစုပေါင်းထောက်ပံ့ငွေကျပ် ၁၀၀ ဘီလီယံကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ ကျေးလက်စီးပွားအလေးထားကာ ဆောင်ရွက်ပေးနိုင်မှုကြောင့် တောင်သူလယ်သမားဘဝ မြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း။ ။