မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပြည်ပသွင်းကုန် အစားထိုးပြည်တွင်းထုတ်ကုန်များကို မြှင့်တင်အားပေးဆောင်ရွက်လျက်ရှိသည်။ ယခင်က ပြည်ပသွင်းကုန်များအား ပိုမိုတင်သွင်းခဲ့သဖြင့် ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့သည်။ ကုန်ပစ္စည်းအမျိုးမျိုးတို့ကို ပြည်ပမှနှစ်စဉ်မှာယူတင်သွင်းခဲ့ရာတွင် ပြည်တွင်းလိုအပ်ချက်များသည့် သံ၊ သံမဏိနှင့် စက္ကူများကို ပြည်ပမှ မှာယူနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုမျာ များပြားနေသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် သံ၊ သံမဏိတန်ချိန် သုံးသန်းခန့်လိုအပ်လျက်ရှိပြီး ပြည်တွင်း၌ တစ်နှစ်လျှင် သံ၊ သံမဏိတန်ချိန် တစ်သန်းခန့်သာထုတ်လုပ်နိုင်သဖြင့် လိုအပ်သောတန်ချိန် နှစ်သန်းခန့်ကို ပြည်ပမှ နိုင်ငံခြားငွေတစ်ဘီလီယံကျော်ခန့် သုံးစွဲတင်သွင်းနေရသည်။ ထို့အပြင်စက္ကူမှာလည်း ပြည်တွင်း၌ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကစက္ကူစက်များရှိသော်လည်း အရည်အသွေးနှင့်ထုတ်လုပ်မှုမမီသဖြင့် ပြည်ပမှနှစ်စဉ်အမြောက်အမြား မှာယူတင်သွင်းနေရသည်။ ထို့ကြောင့် အဆိုပါလိုအပ်ချက်နှစ်ခုကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြည်တွင်း၌ သံမဏိနှင့်စက္ကူစက်ရုံများ အဆင့်မြှင့်တင်၊ အသစ်တည်ဆောက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ သံနှင့်သံမဏိထုတ်လုပ်ရေးကဏ္ဍတွင် နိုင်ငံပိုင်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၌ စက်ရုံတစ်ရုံ၊ စက်မှုဝန်ကြီးဌာန၌ စက်ရုံနှစ်ရုံနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၌ စက်ရုံသုံးရုံရှိပြီး သံနှင့် သံမဏိကုန်ကြမ်းများထုတ်လုပ်လျက်ရှိသည်။ ပုဂ္ဂလိကကဏ္ဍတွင် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင်ထားသည့် သံကုန်ကြမ်းအဟောင်းများ သံရည်ကျိုလုပ်ငန်းပေါင်း ၃၆၂ ခုတို့ဖြင့် မြန်မာနိုင်ငံ၏ သံနှင့်သံမဏိလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါ နိုင်ငံတော်အစိုးရ၏ အားပေးမြှင့်တင်ဖြည့်ဆည်းဆောင်ရွက်ပေးမှုများဖြင့် ပြည်တွင်း၌ သံနှင့်သံမဏိထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်အားပေးဆောင်ရွက်မှုဖြင့် အမှတ်(၂)သံမဏိစက်ရုံ(မြင်းခြံ)ရှိ သံရည်ကျိုအလုပ်ရုံကို ယခုလအတွင်း ပြန်လည်လည်ပတ်၍ သံမဏိလေးထောင့်တုံးများထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တောင်ကြီးမြို့နယ်ရှိ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)တွင် သံသတ္တုရိုင်းမှ သံစိမ်းထုတ်လုပ်ခြင်း စီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ လည်ပတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် စစ်တောင်းစက္ကူစက်၊ သာပေါင်းစက္ကူစက်ကို တည်ဆောက်ထားပြီး ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် လုပ်ငန်းများပြန်လည်လည်ပတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေသည်။
မြန်မာနိုင်ငံတွင် သစ်၊ ဝါး စသည့်စက္ကူထုတ်လုပ်နိုင်သော သဘာဝပေါက်ပင်များပေါများစွာရှိသည်။ ပြည်တွင်း၌ထွက်ရှိသည့် သစ်ပင်အခြေခံများဖြင့် စက္ကူစက်ရုံနှင့် ပျော့ဖတ်စက်ရုံများ တည်ဆောက်ထုတ်လုပ်နိုင်သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဝါးထွက်ရှိမှု ဧရိယာဧကမှာ ၆၉ ဒသမ ၆ သန်းခန့်ရှိသည်။ တစ်နှစ်လျှင် ဝါးအလုံးရေ ၂၆၅ သန်း ထုတ်လုပ်နိုင်မည်ဖြစ်သော်လည်း ၁၄၅ သန်းသာ ထုတ်လုပ်သုံးစွဲနေသည်ကို တွေ့ရသည်။ ဝါးပေါက်ရောက်မှုဧရိယာစာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူနိုင်မှုမရှိသေးသော်လည်း ဝါးအလုံးရေ ၂၆၅ သန်းထက် ပိုမိုထုတ်လုပ်နိုင်ကြောင်း ခန့်မှန်းထားသည်။ တစ်နိုင်ငံလုံးတွင် တင်ဒါစနစ်ဖြင့် သစ်တောစိုက်ခင်းများ တည်ထောင်နိုင်ရန် တောနိမ့်၊ တောပါးဧရိယာ ၃ ဒသမ ၆၅ သန်းဧကရှိသည့်အတွက် စက္ကူစက်ရုံများ တည်ဆောက်ထုတ်လုပ်နိုင်ရန် ကုန်ကြမ်းများလုံလောက်မှုရှိသည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် သံမဏိစက်ရုံများ တည်ဆောက်နိုင်ရေးနှင့် စက္ကူနှင့်ပျော့ဖတ်စက်ရုံများတည်ဆောက်နိုင်ရေးအတွက် လိုအပ်သည်များကို အစွမ်းကုန်ဖြည့်ဆည်းပေးသွားမည်ဟု သိရသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် သစ်/ဝါးပေါက်ရောက်မှုအပေါ်မူတည်၍ သစ်/ဝါးကုန်ကြမ်းများ အလွယ်တကူ သယ်ယူထုတ်လုပ်နိုင်မည့်နေရာများ၊ ရေအရင်းအမြစ် အလွယ်တကူရရှိနိုင်မည့်နေရာများ၊ စက်ရုံမှထွက်ရှိသည့် စွန့်ပစ်ရေများသန့်စင်ပြီး စနစ်တကျပြန်လည် စွန့်ထုတ်နိုင်သည့်နေရာများ၊ လျှပ်စစ်ဓာတ်အားနှင့် လောင်စာအရင်းအမြစ်များ ရရှိနိုင်မည့်နေရာများတွင် စက္ကူနှင့်ပျော့ဖတ်စက်ရုံများကို တည်ဆောက်သွားနိုင်မည်ဖြစ်ရာ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်စက်ရုံများတည်ထောင်နိုင်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည် သဘာဝသယံဇာတများ ပေါများကြွယ်ဝသည့် နိုင်ငံဖြစ်ရာ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်ဖြင့် ပုဂ္ဂလိကကဏ္ဍ၊ နိုင်ငံပိုင်ကဏ္ဍများတွင် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံ၍ သွင်းကုန်အစားထိုး ပြည်တွင်း သံ၊ သံမဏိနှင့် စက္ကူနှင့်ပျော့ဖတ်စက်ရုံများ တည်ဆောက်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံ့စီးပွားရေးတိုးတက်မြင့်မားလာအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်