Skip to main content

လေထုညစ်ညမ်းမှုများလျှော့ချ လူ့ပယောဂကြောင့် မဖြစ်အောင်ရှောင်ကြဉ်

သက်ရှိသတ္တဝါများ ရှင်သန်နေထိုင်ရာ မြေကမ္ဘာကို လေထုကြီးက လွှမ်းခြုံထားသည်။ လေနှင့်သက်ရှိဇီဝတို့ ဆက်စပ်နေသလို လေထုအတွင်း လှုပ်ရှားပြောင်းလဲခြင်းများကြောင့် ရာသီဥတုများ ဖြစ်ပေါ်လာရသည်။ လေရှိနေသော ကမ္ဘာသည် အပင်၊ သတ္တဝါများနှင့် စိမ်းလန်းစိုပြည် လှုပ်ရှားသက်ဝင်နေပြီး လေမရှိပါက ဆိတ်သုဉ်းခြောက်သွေ့နေသည့် ကမ္ဘာအဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

လေထု၏ အရည်အသွေးက လူသားတို့၏ ကျန်းမာရှင်သန်မှုအတွက် လွန်စွာအရေးကြီးသည်။ သန့်စင်သည့် သဘာဝလေထဲတွင် နိုက်ထရိုဂျင် ၇၂ ရာခိုင်နှုန်းနှင့် အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်းတို့ အဓိကပါဝင်ပြီး ကျန်သည့် ၁ ရာခိုင်နှုန်းတွင် အာဂွန်အများစုနှင့် နီယွန်၊ ဟီလီယမ်၊ ခရစ်ပ်တန်၊ မီသိန်း၊ ဟိုက်ဒရိုဂျင်တို့ အနည်းငယ်စီပါဝင်သည်။ အဆိုပါအချိုးအစားအတိုင်း သဘာဝအလျောက် တည်ရှိနေခြင်းဖြင့်သာ လူအပါအဝင် သက်ရှိများရှင်သန်နေကြကာမြေကမ္ဘာ၏ သဘာဝပတ်ဝန်းကျင်မြင်ကွင်းများ ယခုအတိုင်း မြင်တွေ့နေရခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားကြ သည်။ ကမ္ဘာ့လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့်သည် မသန့်ရှင်းသည့် လေကိုရှူရှိုက်နေကြရပြီး နှစ်စဉ်လူခုနစ်သန်းခန့်မှာ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာရသည့် ဝေဒနာများကြောင့် သေဆုံးနေကြရာ လေထုညစ်ညမ်းမှု လျှော့ချရေးမှာ လူသားကမ္ဘာအဖို့ လွန်စွာအရေးကြီးလာသည်။

သဘာဝအကြောင်းအရာ တစ်ခုခုကြောင့်လည်းကောင်း၊ လူ့ပယောဂကြောင့်လည်းကောင်း လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်ခြင်းဖြစ်သည်။ လေထုညစ်ညမ်းမှုဆိုသည်မှာ ကာဗွန်မိုနောက်ဆိုက်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ဆာလ်ဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် စသည့်လူကို အန္တရာယ်ပေးနိုင်သည့် ဓာတ်ငွေ့များ လေထုအတွင်းသို့ ရောက်ရှိလာခြင်း၊ အမှုန်များ၊ အငွေ့ရည်နှင့် အငွေ့မှုန်များ လေထုအတွင်း အဆက်မပြတ်ရောက်ရှိနေခြင်းဖြင့် လေထုအရည်အသွေးနိမ့်ကျသည့် အခြေအနေသို့ ရောက်ရှိနေခြင်းကို ဆိုသည်။ လေထုအတွင်း အလွန်သေးငယ်သည့် အမှုန်အမွှား (Particulate Matter 10 - PM10) ပါဝင်မှု လေထု အရည်အသွေး အညွှန်းကိန်းကို (Air Quality Index- AQI) ဖြင့် ဖော်ပြပြီး AQI အဆင့်များကို ၀ မှ ၅၀ ထိ - အရည်အသွေး ကောင်းအဆင့်၊ ၅၁ မှ ၁၀၀ ထိ -  လက်ခံနိုင်သော အရည် အသွေးအဆင့်၊ ၁၀၁ မှ ၁၅၀ ထိ - ခံနိုင်ရည်နည်းပါးသူများ ကျန်းမာရေး ထိခိုက်နိုင်သည့်အဆင့်၊ ၁၅၁ မှ ၂၀၀ ထိ-  ကျန်းမာရေးကို ထိခိုက်နိုင်သောအဆင့်၊ ၂၀၁ မှ ၃၀၀ ထိ- ကျန်းမာရေးကို အလွန်ထိခိုက်နိုင်သောအဆင့်၊ ၃၀၁ မှ ၅၀၀ ထိ - ကျန်းမာရေးအတွက် ဘေးအန္တရာယ်ရှိသောအဆင့် သတ်မှတ်ထားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ပုံမှန်တိုင်းတာ ထုတ်ပြန်ပေးလျက်ရှိသည်။

နှစ်စဉ်နွေဦးကာလများတွင် တောင်ယာမီးရှို့မှုများနှင့် တောမီးများကြောင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုများ ဖြစ်ပေါ်လေ့ရှိရာ ယင်းကိစ္စသည် မဲခေါင်မြစ်ဝှမ်းဒေသနှင့် အာဆီယံဒေသအတွင်း နိုင်ငံများအရေးတကြီး ပူးပေါင်းဖြေရှင်းရမည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်သည်။ အိမ်တွင်း-အိမ်ပြင် လေထုညစ်ညမ်းမှု ပြဿနာများကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ နာတာရှည်အသက်ရှူလမ်းကြောင်းပိတ်ရောဂါ၊ အဆုတ် ကင်ဆာ၊ ကလေးများရက်တိုအသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါများဖြင့် အသက်သေဆုံးကြရခြင်းဖြစ်ရာ တောမီး၊ တောင်ယာ မီးရှို့ခြင်းနှင့်အမှိုက်များ မီးရှို့ခြင်းအပါအဝင် လေထုညစ်ညမ်းမှုများ လူတို့၏ ပယောဂကြောင့် ဖြစ်ပေါ်မလာရအောင် ရှောင်ကြဉ်ကြရန်နှင့် အသိပညာပေးမှုများ ပိုမိုတိုးမြှင့်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။