သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း ဧရိယာအကျယ်အဝန်း ၂၂၀၀၆ ဧကရှိသော နန်ဖာဒင် ကြိုးပြင်ကာကွယ်တော၊ အင်းတော်မြို့နယ်အတွင်း ဧရိယာအကျယ်အဝန်း ၁၃၆၃ ဧကရှိသော ဂဟဲ (၂) ကြိုးပြင်ကာကွယ်တော၊ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း ဧရိယာအကျယ်အဝန်း ၆၇၈ ဒသမ ၁၉ ဧကရှိသောကျောက်တစ်လုံး ကြိုးပြင်ကာကွယ်တောတို့ကို ၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်မှစ၍ သတ်မှတ်ကြေညာလိုက်သည်။
ရာသီဥတု ပြောင်းလဲမှုဖြစ်ပေါ်စေသော မှန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေးအတွက် မြန်မာနိုင်ငံသည် နိုင်ငံ့ဧရိယာ ၏ ၃၀ ရာခိုင်နှုန်းကို ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောအဖြစ်လည်းကောင်း၊ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေး နယ်မြေများအဖြစ်လည်းကောင်း ဖွဲ့စည်းသတ်မှတ်သွားမည် ဖြစ်ရာ ယမန်နှစ်အထိ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောကို နိုင်ငံဧရိယာ၏ ၂၅ ဒသမ ၇၉ ရာခိုင်နှုန်းအထိလည်းကောင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေကို နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၃ ရာခိုင်နှုန်းအထိ ဖွဲ့စည်းသတ်မှတ်နိုင်ခဲ့ပြီးဖြစ်သည်ဟု သတင်းများအရသိရှိရသည်။ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ သတ်မှတ်ဖွဲ့စည်းခြင်း၊ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအတွင်း သစ်တောဖုံးလွှမ်းမှုတိုးပွားလာစေရေး၊ သစ်တောများ၏အရည်အသွေး ကောင်းမွန်လာစေရေးဆောင်ရွက်မှုများက သစ်တောများတည်တံ့စေရေးအတွက် ထိန်းသိမ်းခြင်းပင်ဖြစ်ပြီး ရည်မှန်းချက်ပြည့်မီစေရေးအတွက် ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများသည် ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ခြင်း၊ ဒီရေတောများသည် ဒေသခံပြည်သူများအတွက် မုန်တိုင်းနှင့်ဆူနာမီလှိုင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝစေခြင်း၊ မျိုးသုဉ်းမည့်အန္တရာယ်ရှိနေသော အပင်မျိုးစိတ်များနှင့် သားငှက်တိရစ္ဆာန်များ၏ နေရင်းဒေသများကို ကာကွယ်ထိန်းသိမ်းနိုင်ခြင်း၊ သဘာဝရေထွက်များ၊ ရေဝေရေလဲဒေသများကို ထိန်းသိမ်းနိုင်ခြင်း၊ ဂေဟစနစ်များကို ပိုမိုကောင်းမွန်စေပြီး ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ ပိုမိုတိုးပွားလာစေခြင်း၊ သစ်တောထွက်ပစ္စည်းများကို စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည့်အတွက် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းရာတွင်လည်းကောင်း၊ ထိန်းသိမ်းစောင့်ရှောက်ရာတွင်လည်းကောင်း ပြည်သူလူထုပူးပေါင်းပါဝင်ကြရန် အရေးကြီးသည်။
သစ်တောများ ထာဝစဉ်တည်တံ့မှုသည် တစ်ကမ္ဘာလုံးအတွက်လည်း လွန်စွာအရေးပါသည့်အတွက် ကုလသမဂ္ဂကနှစ်စဉ် မတ်လ ၂၁ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့” အဖြစ် သတ်မှတ်ကြေညာထားပြီး နှစ်စဉ်ဆောင်ပုဒ်များကိုလည်း ချမှတ်ပေးလျက်ရှိရာ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “လူသားအားလုံးကျန်းမာဖို့၊ သစ်တောများကို ထိန်းသိမ်းစို့” “Healthy Forests For Healthy People ” ဟူ၍ ဖြစ်သည်။ သစ်တောထွက် အစာအာဟာရများနှင့် ဆေးဝါးများ၊ သစ်တောပြုန်းတီးမှုနှင့် ဆက်စပ်နေသည့် ကူးစက်ရောဂါများ၊ သစ်တောများက ထိန်းသိမ်းပေးထားသည့် သဘာဝရေအရင်းအမြစ်များ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့နှင့်အမှုန်အမွှားများ၊ သစ်တောများက လျှော့ချ ပေးနိုင်သည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ စသည်တို့မှာ သစ်တောများနှင့်လူသားတို့၏ ကျန်းမာရေးတို့အကြား အဆက်အစပ်ကြီးမားမှုများကို မြင်တွေ့နိုင်သည်။ လူသားတိုင်း၏ ကျန်းမာသက်ရှည်ရေးအတွက် သစ်ပင်သစ်တောများ အားကောင်းမောင်းသန် ရှင်သန်ဖြစ်ထွန်းနေရန်လိုအပ်သည့်အလျောက် သစ်ပင်သစ်တောများ ထာဝစဉ်တည်တံ့ အောင် ထိန်းသိမ်းရေးတွင် လူတိုင်းပါဝင်ကြရမည့် အကြောင်း။ ။