တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစတင်၍ တိုင်းရင်းသားပြည်သူများနှင့် ဖွဲ့စည်းတည်ဆောက်ထားသည့် တစ်ခုတည်းသော နိုင်ငံ၏အင်အားစုကြီးဖြစ်သည်။ စည်းကမ်းကောင်းမွန်မှု၊ စည်းလုံးညီညွတ်မှုအင်အားများဖြင့် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် အစဉ်အဆက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိသည်။ အင်အားတောင့်တင်း ခိုင်မာပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော်တည်ဆောက်လျက်ရှိကာ တပ်မတော်အင်အား တောင့်တင်းခိုင်မာသည်နှင့်အမျှ နိုင်ငံတော်လည်း အင်အားတောင့်တင်းခိုင်မာနေမည် ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၁၉ ရက်နေ့က အနောက်မြောက်တိုင်းစစ်ဌာနချုပ် မုံရွာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံစဉ် “အင်အား”ဟူသည့် စကားမှာ စကားတစ်လုံးတည်းသာဖြစ်သော်လည်း နိုင်ငံတော်အတွက်၊ တပ်မတော်အတွက် ကောင်းမွန်တိုးတက်သော အပြောင်းအလဲများကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ တပ်တွင်းစည်းလုံးညီညွတ်မှုအား၊ နိုင်ငံအတွင်းစုစည်းညီညွတ်မှုအင်အားများကို မဖြစ်မနေတည်ဆောက်သွားရမည်ဖြစ် ကြောင်း” ပြောကြားခဲ့သည်။
ထို့အပြင် တပ်မတော်သားများနှင့်ပတ်သက်၍ “တပ်တွင်းစည်းလုံးညီညွတ်ရေး အတွက် အလေးထားဆောင်ရွက်ရန်နှင့် ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိမှသာ လျှင် တပ်တွင်းစည်းလုံးညီညွတ်မှု အားကောင်းလာမည်ဖြစ်ကြောင်း၊ စစ်သည် တစ်ဦးချင်းအနေဖြင့် မိမိကိုယ်ကို သစ္စာရှိရန်၊ မိမိ မိသားစုအပေါ် သစ္စာရှိရန်၊ မိမိတို့၏ လုပ်ဖော်ကိုင်ဖက်အချင်းချင်းအပေါ် သစ္စာရှိရန်၊ တပ်မတော်နှင့် နိုင်ငံတော်အပေါ် သစ္စာရှိရန်အတွက် စောင့်ထိန်းကြရန်လိုကြောင်း၊ “တပ်မတော်၏အား”၊ “နိုင်ငံတော်၏အား” မြှင့်တင်နိုင်မည့်ကိစ္စရပ်များကို လုပ်ဆောင်ကြရန်နှင့် နိုင်ငံတော်၏အကျိုးအတွက် အမြင်ကျယ်ကျယ်ဖြင့် စဉ်းစားဆောင်ရွက်ကြစေလို ကြောင်း” လမ်းညွှန်မှာကြားခဲ့သည်။
တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလာသည့် ပြည်ပအန္တရာယ်များအား ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ပေးရေးဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းရွက်ပေးလျက်ရှိသည့်နည်းတူ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင်လည်း ကျရာအခန်းကဏ္ဍမှ နိုးကြားတက်ကြွစွာ ပါဝင်ထမ်းရွက်လျက်ရှိသည်။ နိုင်ငံတော်တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလိုလားလျက်ရှိသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဖြောင့်တန်းစွာလျှောက်လှမ်းနိုင်ရန်အတွက် တပ်မတော်ကလမ်းခင်းပုံဖော်ပေးခဲ့သည်။ ၂၀၁၁ ခုနှစ်မှစတင်၍ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းခဲ့ရာတွင် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။
ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် တပ်မတော်အနေဖြင့် လွှတ်တော်နိုင်ငံ ရေးတွင်လည်းကောင်း၊ တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားတွင်လည်းကောင်း ကျရာကဏ္ဍများကို ကျေပွန်စွာထမ်းရွက်ခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းအကြံပြုခဲ့သည်။ တပ်မတော်သည် ပါတီစုံဒီမိုကရေစီစနစ် တည့်မတ်မှန်ကန်ခိုင်မာ အားကောင်းစေရေးဆောင်ရွက်ရာ၌ ဒီမိုကရေစီတတိယသက်တမ်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို ဖြေရှင်းပေးရန်တင်ပြသော်လည်း ဖြေရှင်းပေးခြင်းမရှိဘဲ နိုင်ငံတော်တွင်ဖြစ်ပေါ်လာနိုင်သော အခြေအနေများအရ နိုင်ငံရေးအရအရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး တပ်မတော်ကနိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။
ခေတ်အဆက်ဆက်တွင် နိုင်ငံရေးအရဖြစ်ပေါ်လာသည့် အန္တရာယ်များကို ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ တပ်မတော်အနေဖြင့် မည်သည့်အစိုးရက အုပ်ချုပ်သည်ဖြစ်စေ နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူလူထုတို့၏ အသက်အိုးအိမ်စည်းစိမ်များ ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲများကို ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံရေးကိုအကြောင်းပြ၍ အဖျက်လုပ်ရပ်များ ဖြစ်ပေါ်နေသည့်ကြားမှ နိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ၊ ဦးတည်ချက်များနှင့်အညီ ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ရာ တပ်မတော်သည် အစဉ်အလာကောင်းများနှင့်အညီ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားများကို အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်ရန်အတွက် “တပ်မတော်၏အား” တောင့်တင်းခိုင်မာလာအောင် ကြိုးပမ်းဆောင်ရွက်ပြီး “နိုင်ငံတော်၏ အား” တိုးတက်ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။ ။