Skip to main content

ရေနှင့် ကျန်းမာသန့်ရှင်းမှု တိုးတက်ကောင်းမွန်စေရေး

ကမ္ဘာ့ရေနေ့ (World Water Day) ကို ၁၉၉၃ ခုနှစ်မှ စတင်ကာ နှစ်စဉ် မတ်လ ၂၂ ရက်နေ့တိုင်းတွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ကျင်းပခဲ့ကြသည်။ ရေသယံဇာတထိန်းသိမ်းရေး၊ ရေအခက်အခဲမကျရောက်စေရေး၊ ရေကို စနစ်တကျသုံးစွဲကြစေရေး၊ သန့်ရှင်းသည့် သောက်သုံးရေနှင့် မိလ္လာစနစ်တို့မရရှိသူများအတွက် အလေးထားဖြေရှင်းပေးရေးနှင့် ရေ၏အရေးပါမှုကို လူသားတို့ ဂရုပြုလာကြစေရေးဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသည့် ကမ္ဘာ့ရေနေ့သည် မြန်မာနိုင်ငံအဖို့လည်း ပူပြင်းခြောက်သွေ့သည့် ရာသီတွင်ကျရောက်နေပြီး မြစ်ချောင်းအင်းအိုင် ရေတွင်းရေကန်များတွင် ရေနည်းပါးသည့်ကာလ၊ ရေခန်းခြောက်သည့်ကာလဖြစ်သည်။

မိမိတို့နိုင်ငံသည် ရေအရင်းအမြစ်ပေါများကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး အဓိကမြစ်ကြီးလေးစင်းနှင့် မြစ်ချောင်းများစွာတို့ ဒေသအနှံ့အပြားတွင် စီးဆင်းနေကြသော်လည်း ‘ရွှေကို မလို၊ ငွေကို မလို၊ ရေကိုသာလိုသည်’ဆိုသည့် ဒေသများစွာလည်းရှိနေကြသည်။ မိုးရာသီလအနည်းငယ်မှလွဲ၍ ကျန်သည့်ရာသီများအားလုံးတွင် ပရဟိတရေလှူနေကြရသည့် နေရာများကိုလည်း တွေ့ရသည်။ သန့်ရှင်းသောသောက်သုံးရေသည် လူတို့၏ကျန်းမာရေးနှင့် သန့်ရှင်းရေးအတွက် မရှိမဖြစ်အရေးကြီးသည့်အလျောက် လူတိုင်းသန့်ရှင်းသော သောက်သုံးရေကို လက်လှမ်းတမီလွယ်ကူစွာ သုံးစွဲခွင့်ရရှိနိုင်ဖို့လိုသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံများအတွက် ကုလသမဂ္ဂကချမှတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည့် ၂၀၃၀ ပြည့်နှစ် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုအစီအစဉ်ဖြစ်သော “စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ”တွင်လည်း “လူသားတိုင်း သန့်ရှင်းသောသောက်သုံးရေနှင့် မိလ္လာစနစ်ရရှိရေးနှင့် စဉ်ဆက်မပြတ်သော စီမံခန့်ခွဲမှုဖြစ်ပေါ်စေရေး” ကို ပန်းတိုင် (၆) အဖြစ် ချမှတ်ထားသည်။

ကမ္ဘာတစ်ခွင်ကိုကြည့်မည်ဆိုလျှင် သန်းထောင်ပေါင်းများစွာသော ပြည်သူများ၊ မရေတွက်နိုင်လောက်အောင် များပြားလှသည့် စာသင်ကျောင်းများ၊ စီးပွားရေးလုပ်ငန်းခွင်များ၊ ဆေးကုသရာနေရာ ဆေးရုံဆေးခန်းများ၊ စိုက်ပျိုးမွေးမြူလယ်ယာများ၊ ကုန်ထုတ်လုပ်သည့် အလုပ်ရုံများ စသည့်နေရာများတွင် သန့်ရှင်းသောသောက်သုံးရေနှင့် သန့်စင်ခန်းများ၊ မိလ္လာစနစ်များ လိုအပ်နေကြသည်။ ယင်းသို့သောအခြေအနေကို မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်ရန်အတွက် လက်ရှိကြိုးပမ်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်သွားရန် လိုအပ်သည့်အားလျော်စွာ ယခုနှစ် ကမ္ဘာ့ရေနေ့၏ ဆောင်ပုဒ်ကို ‘‘ ရေနှင့် ကျန်းမာသန့်ရှင်းမှု တိုးတက်ကောင်းမွန်ရေး၊ အားလုံးအရှိန်အဟုန်မြှင့် ရှေ့သို့ကြိုးပမ်း ပါဝင်ဆောင်ရွက်ပေး ’’ ဟူ၍ ချမှတ်ထားသည်။

ကမ္ဘာ့မျက်နှာပြင်အများစုကို ပင်လယ်သမုဒ္ဒရာများက ဖုံးလွှမ်းထားသော်လည်း လူသားတို့ အသက်ရှင်သန်ရေးအတွက် လိုအပ်သည့် ရေချိုမှာမူအဖိုးတန်သယံဇာတတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် ရေချိုအရင်းအမြစ်များကြွယ်ဝသည်ဆိုစေကာမူ လူတို့၏ ပယောဂများစွာတို့ကြောင့် ရေချိုအရင်းအမြစ်များစွာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေသည်ကို အလေးအနက်ထားရန် လိုအပ်နေပြီဖြစ်သည်။ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းက ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ် အားထားနေရသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ရေအရင်းအမြစ်များ မပျက်စီးမဆုံးရှုံးစေရေး၊ စိုက်ပျိုးရေနှင့်သောက်သုံးရေများကို အလဟဿ လေလွင့်ပြုန်းတီးမှုမဖြစ်စေရေးနှင့် စနစ်တကျသုံးစွဲရေး၊ ရေသယံဇာတများကို စနစ်တကျ စီမံခန့်ခွဲရေးတို့တွင် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ကြရမည်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်