“နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားတို့ဖြင့် ရပ်တည်ဆောင်ရွက်ရကြောင်း၊ စည်းလုံးညီညွတ်မှုရှိသည့် နိုင်ငံသားများဖြင့် ရပ်တည်ဆောင်ရွက်မည်ဆိုပါက နိုင်ငံရေးအားကောင်းမွန်မည်ဖြစ်ကြောင်း၊ စီးပွားရေးမောင်းနှင်အားကောင်းမွန်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ကာကွယ်ရေးကိုတည်ဆောက်နိုင်ပါက နိုင်ငံတကာတွင် အထိုက်အလျောက်ဩဇာရှိနိုင်ကြောင်း၊ မောင်းနှင်အားများအနက် စီးပွားရေးမောင်းနှင်အားသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကျဆုံးဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုစေနိုင်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မတ်လ ၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ပြောကြားခဲ့သည်။
နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးမောင်းနှင်အားသည် အဓိကအကျဆုံးဖြစ်သည်ကို နိုင်ငံအများက နားလည်သဘောပေါက်ကြ၍ နိုင်ငံမည်သို့ရှိနေသည်ဖြစ်စေ စီးပွားရေးမောင်းနှင်အားကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်နေကြသည်။ စီးပွားရေးမောင်းနှင်အားကောင်းမွန်နေပါက နိုင်ငံရေးနှင့်ကာကွယ်ရေးမောင်းနှင်အားတို့ကို တည်ဆောက်နိုင်ပြီး နိုင်ငံကို အရှိန်အဟုန်မပြတ်လည်ပတ်ကာ ကာကွယ်စောင့်ရှောက်နိုင်သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့တာဝန်ကို စတင်ယူခဲ့သည့်အချိန်မှစ၍ နိုင်ငံတော်နှင့် ပြည်သူလူထုဘဝ အေးချမ်းသာယာဝပြောအောင်ဆောင်ရွက်ရင်း တစ်ဖက်တွင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရက ဦးတည်ချက်(၁၂)ရပ် ချမှတ်အကောင်အထည်ဖော်လျက်ရှိရာတွင် “စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး”ဟူသည့် စီးပွားရေးဦးတည်ချက်ကို အကောင်အထည်ဖော်လျက်ရှိသည်။ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားတိုးတက်စေရေးနှင့် လူအများစီးပွားရေးကောင်းမွန်စေမည့်လမ်းကြောင်းကို မြှင့်တင်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကို အဓိကဦးစားပေးဆောင်ရွက်လျက်ရှိသည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရ၏ မူဝါဒမှာ ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်းဖြစ်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေ ရင်းနှီးမတည်ငွေများ လွှဲအပ်ပေးထားသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့် လူသားအရင်းအမြစ်များရရှိစေရန် ခရိုင် ၅၀ တွင် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအခြေခံသင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သိပ္ပံကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ၎င်းမှတစ်ဆင့်တက်၍ ကောလိပ်နှင့်တက္ကသိုလ်များကို တက်ရောက်သင်ကြားနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လူသားအရင်းအမြစ်နှင့်နည်းပညာလိုအပ်ချက်များကြောင့် သဘာဝအရင်းအမြစ်များ အပြည့်အဝရှိသော်လည်း ထိရောက်စွာအသုံးချနိုင်ခြင်းမရှိသေးပေ။ ယခုအခါတွင် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME)ဖွံ့ဖြိုး တိုးတက်ရေးကို အားပေးမြှင့်တင်ဆောင်ရွက်ပေးနေပြီး အခြားလိုအပ်သည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနေပြီဖြစ်၍ နိုင်ငံ့စီးပွားမြင့်မားရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာရေးအတွက် အားလုံးစည်းလုံးညီညွတ်စွာဖြင့် တက်ညီလက်ညီ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်သည်။
ဒေသတွင်း၌ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတိုးတက်လာပါက ရောင်းဝယ်ဖောက်ကားမှုများ ကောင်းမွန်လာမည်ဖြစ်သည်။ ဒေသတွင်းမှထွက်ရှိသော စိုက်ပျိုးရေးကုန်ကြမ်းများကို ကုန်ကြမ်းအတိုင်းသာရောင်းချပါက အကျိုးအမြတ်နည်းပါးမည်ဖြစ်၍ ကုန်ကြမ်းမှ ကုန်ချောအဖြစ်ထုတ်လုပ်၍ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်ပြီး အမြတ်အစွန်းများလာအောင် ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။ အရည်အသွေးမြင့်ပြည်တွင်းထုတ်ကုန်များကို အသုံးပြုခြင်းဖြင့် ပြည်တွင်းစီးပွားရေးတိုးတက်ကောင်းမွန်လာပြီး ပြည်ပသွင်းကုန်အစားထိုးထုတ်လုပ်နိုင်သဖြင့် နိုင်ငံခြားငွေအပိုကုန်ကျမှုလျော့နည်းကာ နိုင်ငံ့စီးပွားရေးမြင့်မားတိုးတက်လာမည်ဖြစ်သည်။
သို့ဖြစ်ရာ စီးပွားရေးမောင်းနှင်အားကောင်းမွန်မှသာ နိုင်ငံရေးနှင့်ကာကွယ်ရေး မောင်းနှင်အားများ ကောင်းမွန်လာပြီး နိုင်ငံတကာအလယ်တွင် တင့်တယ်စွာ ရပ်တည်နိုင်ကာပြည်သူများ၏ လူမှုစီးပွားဘဝများလည်း မြင့်မားတိုးတက်လာမည်ဖြစ်၍ စီးပွားရေးမောင်းနှင်အားကောင်းမွန်အောင် စည်းလုံးညီညွတ်စွာ ကြိုးပမ်းကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်