တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) သည် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်ကျေးရွာများနှင့် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်တို့ရှိ ဒေသခံပြည်သူများကို မတ် ၁ ရက်မှ ၂၂ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး မတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဘင်္ဂလားပင်လယ်ပြင်ကို မျက်နှာမူထားသည့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် တစ်ကျွန်းဝင်တစ်ကျွန်းထွက်မြို့ရွာများသို့အရောက်သွား၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးသည့် ပုံရိပ်များနှင့်ပြည်သူများ၏ ဝမ်းသာပီတိဖြစ်မှု၊ ကျေနပ်အားရမှုနှင့် ယုံကြည်ကိုးစားမှုပုံရိပ်များမှာ တွေ့မြင်ရသူတို့၏ စိတ်နှလုံး ကိုပါ နှစ်သက်ချမ်းမြေ့စေသည်၊ မုဒိတာတရားတို့ ပွားများ စေသည်။
ကျန်းမာရေးအတွက် အခက်အခဲရှိသည့်ပြည်သူများကို မြို့ရွာများအရောက် ကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့ရာတွင် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည် ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ ကျေးရွာများမှ ပြည်သူများအား ဇန်နဝါရီ ၁၈ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိလည်းကောင်း၊ ပါရဂူများ၊ ဆေးမှူးများနှင့်သူနာပြုအရာရှိ စစ်သည်များနှင့်အတူ ရွေ့လျားခွဲစိတ်ကုသယာဉ်၊ ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်၊ ရွေ့လျားဓာတ်ခွဲခန်းယာဉ်နှင့် ရွေ့လျားသွားရောဂါခွဲစိတ်ကုသရေး ယာဉ်များပါဝင်သည့် တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ဖေဖော်ဝါရီ ၉ ရက်မှ ၁၉ ရက်အထိလည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြသည်။
“တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာသည့် တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် တစ်ခုတည်းသော တပ်မတော်ဖြစ်သည့်အတွက် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရမှာ ဖြစ်သည့်အပြင် ပြည်သူများ၏ နေ့စဉ်လူမှုဘဝလုံခြုံရေးကိုလည်း ဘက်ပေါင်းစုံကတတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးရမှာဖြစ်ကြောင်း” ၂၀၂၂ ခုနှစ် (၇၇) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမိန့်ခွန်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည့် အတိုင်းပင်တိုင်းရင်းသားပေါင်းစုံနှင့်ဖွဲ့စည်းထားသည့် တပ်မတော်ကတိုင်းရင်းသားပြည်သူလူထု၏ နေ့စဉ်လူမှုဘဝလုံခြုံရေးတွင် အပါအဝင်ဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို စေတနာ၊ အကြင်နာ၊ ကရုဏာအပြည့်ဖြင့် ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်သည်။
လာမည့် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့သည် လွန်ခဲ့သည့် ၇၈ နှစ်တာ ကာလကဖက်ဆစ်ကို တော်လှန်မှုစတင်ခဲ့သည့် သမိုင်းဝင်နေ့ဖြစ်သကဲ့သို့ တပ်မတော်နှင့် ပြည်သူတို့ ပူးပေါင်းကာ ပြည်ပ ရန်ကို တွန်းလှန်အောင်မြင်နိုင်ခဲ့ခြင်း၏ အထိမ်းအမှတ်လည်း ဖြစ်ပြီး ကိုလိုနီနယ်ချဲ့ထံမှ လုံးဝလွတ်လပ်ရေးရယူနိုင်ရန် ခွန်အားတို့ကို ရရှိစေနိုင်ခဲ့သည်ကိုလည်း အမှတ်ရဖွယ်ရာဖြစ်သည်။ ယခုအခါ တပ်မတော်သည် သမိုင်းပေးတာဝန်အရ နိုင်ငံ့အရေးဖြစ်သည့် တိုင်းပြည်တည်ဆောက်ရေး (Nation Building) ကို ပုံဖော်လျက်ရှိရာ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းကူညီကြခြင်းဖြင့် အမျိုးသားနိုင်ငံရေးတာဝန်ကို ကျေပွန်နိုင်ကြပါစေကြောင်း။ ။