Skip to main content

တိုင်းပြည်အကျိုး ရိုးသားကြိုးစား စေတနာထား

“မိမိတို့အနေဖြင့် တိုင်းပြည်ကောင်းရန်အတွက် ရိုးသားစွာဖြင့်တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ မိမိတို့ ဆောင်ရွက်ခဲ့မှုများသည် သမိုင်းမှတ်တမ်းများတွင် ကျန်ရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ တာဝန်ထမ်းဆောင်နေချိန်တွင် ရိုးသားစွာဖြင့်နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၂၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စတင်ထမ်းဆောင်ခဲ့သည်။ နိုင်ငံတော်၏တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် စိန်ခေါ်မှုများစွာဖြင့်ခက်ခဲကြမ်းတမ်းသော ခရီးလမ်းများကို ဖြတ်သန်းခဲ့ရသည်။ မသမာသူတို့၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အကြမ်းဖက်အဖျက်သမားများက မိုင်းထောင်ဖျက်ဆီး၊ တိုက်ခိုက်သတ်ဖြတ်မှု အမျိုးမျိုးတို့ပြုလုပ်ခဲ့သည်။ တစ်ဆက်တည်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကို အခက်အခဲကြားမှ ကာကွယ်ထိန်းချုပ်နိုင်ခဲ့သည်။

တိုင်းပြည်တွင် ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ စီးပွားရေးသည် တဖြည်းဖြည်းကျဆင်းလာခဲ့သည်။ နိုင်ငံရေးကိုအကြောင်းပြု၍ ပြည်တွင်း/ပြည်ပရှိ အဖွဲ့အစည်းအချို့က ဘဏ်လုပ်ငန်းများပြိုလဲစေရန်ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ တိုင်းပြည်ကိုအကြမ်းဖက် တိုက်ခိုက်မှုများဖြင့်ပျက်စီးအောင် လုပ်ဆောင်ခဲ့ကြသလို စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ငွေကြေးစနစ်များ ယိုင်လဲပြိုပျက်အောင်ဖျက်ဆီးခဲ့ကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အခက်အခဲများ၊ စိန်ခေါ်မှုများကြားမှ ကဏ္ဍ အသီးသီးကောင်းမွန်လာအောင် ရိုးသားစွာဖြင့်ကြိုးပမ်းအားထုတ်ခဲ့ပြီးဘဏ်စနစ်များ ပြိုလဲမှုမဖြစ်စေရေး ထိန်းသိမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် နှစ်လယ်၌လည်ပတ်သုံးစွဲငွေများ ပုံမှန်အတိုင်းဖြစ်ခဲ့သည်။

တိုင်းပြည်တစ်ပြည်တွင် စီးပွားရေးမောင်းနှင်အားသည် အရေးအကြီးဆုံးဖြစ်ပြီး မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သော စီးပွားရေးအခြေအနေသည် ကိုဗစ်-၁၉ ရောဂါ နောက်ဆက်တွဲဂယက်ရိုက်ခတ်မှုများနှင့် ယခင်အစိုးရလက်ထက်၌ ပြည်တွင်းစီးပွားရေးကို အားပေးခြင်းမရှိဘဲ ပြည်ပအပေါ်မှီခိုမှုများနေခြင်း၊ နိုင်ငံ့တာဝန်ယူသည့် အစိုးရ၏စီမံခန့်ခွဲရေးအပိုင်း၌ အားနည်းမှုများကြောင့် အဘက်ဘက်တွင် ယိုယွင်းမှုများဖြစ်ပေါ်လာခဲ့သည်။ နိုင်ငံ့စီးပွားရေးအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နိုင်ငံ၏ဂျီဒီပီသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိကျဆင်းခဲ့သည်။ မျက်မှောက်ကာလတွင် ကိုဗစ်-၁၉ ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးဂယက် ရိုက်ခတ်မှုအခြေအနေများကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများစုသည် စီးပွားရေးအကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်တွင်းပြည်ပဖြစ်ပေါ်နေသည့် အခက်အခဲများကြားမှ နိုင်ငံ့တာဝန်ဆောင်ရွက်နေချိန်တွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလမှ မတ်လအထိ ပထမခြောက်လပတ်ကာလတွင် နိုင်ငံ၏ဂျီဒီပီ မှာ ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ နိုင်ငံ့ဂျီဒီပီ အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းမှ အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ ဂျီဒီပီ ခြောက်ရာခိုင်နှုန်းကျော် တိုးတက်လာအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ကာဆက်လက်၍ တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် အခြေအနေကောင်းများ ပိုင်ဆိုင်ထားရာ နိုင်ငံတော်အစိုးရ၏အားပေးမြှင့်တင် ဖြည့်ဆည်းဆောင်ရွက်ပေးမှုများကြောင့် တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုများရရှိလာသည်။ စိုက်ပျိုးမွေးမြူရေးကဏ္ဍကိုစနစ်တကျဖြင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ပါက အမျိုးသားရေးမျှော်မှန်းချက် နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။ နိုင်ငံသူနိုင်ငံသားများဝင်ငွေရှိမှသာ တိုင်းပြည်သာယာဝပြောမည်ဖြစ်၍ ပြည်တွင်းမှာသာရှိသည့် ပြည့်အင်အားနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

သို့ဖြစ်ရာ တိုင်းပြည်တွင်စီးပွားရေးအပါအဝင် အဘက်ဘက်၌ အနုတ်လက္ခဏာ ဖြစ်ပေါ်နေသည့်အခြေအနေမှ အပေါင်းလက္ခဏာဖြစ်လာအောင် ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံတော်၏တာဝန်များကို ရိုးသားစွာဖြင့်ဆောင်ရွက်ခဲ့ပြီး တိုင်းပြည်အတွက်စေတနာထား၍ ဆောင်ရွက်နိုင်ခြင်းကြောင့် ရလဒ်ကောင်းများပေါ်ထွက်လာခြင်းဖြစ်ပါကြောင်း။ ။