မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင်ပဋိပက္ခများမှာ ယနေ့ထက်တိုင် ဖြစ်ပွားနေဆဲဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများစွာတို့တွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ပုံစံအမျိုးမျိုးဖြင့်ရှိခဲ့ပြီး အချိန်ကာလတစ်ခုတွင် တွေ့ဆုံဆွေးနွေးအဖြေရှာ၍ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေကြပြီ။ ပဋိပက္ခများအဆုံးသတ်ပြီး ငြိမ်းချမ်းရေးဖြစ်တည်လာခြင်းသည် တိုင်းပြည်အနာဂတ်ကို မြော်တွေး၍ ပြည်သူများ၏ဘဝအာမခံချက်ပေးမည်ဟူသည့် ခံယူချက်ကြောင့်ဖြစ်သည်။
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများထက် အဆပေါင်းများစွာ ဆိုးရွားသည့် လက်နက်ကိုင်ပဋိပက္ခများ နိုင်ငံအချို့တွင်တွေ့နိုင်သည်။ နိုင်ငံရေးကို လက်နက်ကိုင်နည်းလမ်းဖြင့် အဖြေမရှာနိုင်သည်ကို နားလည်သဘောပေါက်သဖြင့် လက်နက်ကိုင်နည်းလမ်းကိုစွန့်လွှတ်ကာ နိုင်ငံကို ဝိုင်းဝန်းတည်ဆောက်ကြသဖြင့် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများ ဖြစ်လာသည်ကိုလည်း လေ့လာကြည့်နိုင်သည်။ လက်နက်ကိုင်နည်းလမ်းကို ရပ်တန့်နိုင်ခြင်းသည် အတိတ်ကအမုန်းတရားများကိုသင်ပုန်းချေပြီး အတူလက်တွဲဆောင်ရွက်မည်ဆိုသည့် ခံယူချက်ကို ထားရှိနိုင်သောကြောင့်ဖြစ်သည်။ ကမ္ဘာပေါ်တွင် နိုင်ငံအများစုသည် ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးနေပြီး ဒီမိုကရေစီဆိုသည်မှာ မတူကွဲပြားသူများ အတူလက်တွဲ ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်၊ မျိုးဆက်တစ်ခုမက ကြာမြင့်ခဲ့ပြီဖြစ်သည်။ မငြိမ်းချမ်းသောအကျိုးဆက်ကြောင့် လူမှုစီးပွားဘဝ အခက်အခဲများ၊ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အလှမ်းဝေးပြီး နိုင်ငံများကြားတွင် နောက်ကျကျန်နေခဲ့ပြီဖြစ်သည်။ တိုင်းရင်းသားပြည်သူများမှာ မရေရာသောဘဝများ၊ အနာဂတ်အာမခံချက်များနှင့် ဝေးနေသည်။ ငြိမ်းချမ်းရေးဟူသော စကားသုံးလုံးကို လူတိုင်းနားလည်လက်ခံကြသော်လည်း လက်တွေ့ဖော်ဆောင်နိုင်ရေးတွင် ခက်ခဲနေသည်။ ငြိမ်းချမ်းရေးကို အလိုလားဆုံး အသိုက်အဝန်းမှာ ကိုယ်တိုင်ကြုံတွေ့နေရသောတိုင်းရင်းသားပြည်သူများနှင့် ရင်ဆိုင်ဖြေရှင်းနေသည့် တပ်မတော်သာဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များအား တွေ့ဆုံဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။ ထိုသို့ဖိတ်ခေါ်ခဲ့ရာတွင် ယနေ့အထိ NCA တွင် လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့နှင့် လက်မှတ်ရေးထိုးခြင်းမပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နိုင်ငံရေးအရ ငြိမ်းချမ်းရေးရည်မှန်းချက်သို့ တည်ငြိမ်စွာဖြင့် လျှောက်လှမ်းနိုင်မည့် ရလဒ်များကို ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။
NCA စာချုပ်ပါ သဘောတူညီချက်များသည် ပြည်ထောင်စုနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အနာဂတ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုထားပြီးဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် အာမခံထားချက်များပါဝင်သည့် NCA လမ်းကြောင်း ပေါ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်လျှောက်လှမ်းသင့်ပေသည်။ အဓိကအချက်မှာ ပြည်ထောင်စုနှင့် တိုင်းရင်းသားပြည်သူတို့၏ လိုလားချက်များကို ဖြည့်ဆည်း ပေးနိုင်ရေးနှင့် အတိတ်က ခါးသီးစွာကြုံတွေ့ခဲ့ရပြီးဖြစ်သည့် အမြင်ကျဉ်းမြောင်းသော လူမျိုးရေး၊ ဝါဒရေးတို့ကို ဖယ်ရှားပစ်နိုင်ရန် လိုအပ်သည်။ ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းတည်ပြီး မတူညီသည့် အယူအဆများကို တူညီသည့် ဘုံသဘောထားများဖြင့် ပေါင်းစည်းကြရန် လိုအပ်ပေသည်။
ငြိမ်းချမ်းရေးကိုဆောင်ရွက်ရာတွင် တစ်ဖက်နှင့်တစ်ဖက် သဘောထားကြီးစွာဖြင့်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သလို နိုင်ငံတော်အတွက် ဖြစ်နိုင်သည်များနှင့် ဖြစ်သင့်သည်များကိုချိန်ဆပြီး အကောင်းဆုံးဖြစ်အောင် ဆွေးနွေးအဖြေရှာနိုင်ကြစေလိုသည်။ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဟာ နိုင်ငံရေးရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော်လည်း နိုင်ငံရေးရဲ့လက်နက်တစ်ခုမဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးနဲ့ အမျိုးသားအကျိုးစီးပွားအတွက် အဓိကဦးတည်လုပ်ဆောင်မှသာ အနာဂတ်နိုင်ငံတည်ဆောက်ရေးကို အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၇၈) နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ထည့်သွင်းပြောကြားထားသည်။
သို့ဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ လာရောက်နိုင်ရန် အစဉ်အမြဲတံခါးဖွင့်ပေးလျက်ရှိပြီး တိုင်းပြည်အနာဂတ်ကို ရှေးရှုမြော်တွေး၍ တိုင်းရင်းသားပြည်သူများအား အာမခံချက်ပေးနိုင်ရေးအတွက် ငြိမ်းချမ်းရေးတွင် ပါဝင်လျှောက်လှမ်းကြပါရန် ဖိတ်ခေါ်အပ်ပါကြောင်း။ ။