မြန်မာနိုင်ငံ မြို့နယ်အချို့တွင် ဖြစ်ပေါ်နေသည့် ထူးခြားသည့်နေ့အပူချိန်များကို မိုး/ဇလက နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိရာ ယခုရက်ပိုင်းအတွင်း နေ့အပူချိန်သည် အချို့မြို့များတွင် ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိလာသည်ကို တွေ့ရသည်။ ကျန်းမာရေးပညာရှင်များ၏ အဆိုအရ လူတစ်ယောက်၏ ခံနိုင်ရည်အပူချိန်သည် ၃၇ ဒီဂရီစင်တီဂရိတ်အထိသာဖြစ်ပြီး ယင်းထက်အပူချိန် ပိုမိုမြင့်တက်လာပါက ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်းမှသည် သတိလစ်ခြင်းနှင့် အသက်အန္တရာယ်တို့အထိ ဖြစ်ပေါ်နိုင်ခြင်းကြောင့် လူတိုင်းအပူဒဏ်အန္တရာယ်မှ ကာကွယ်နေထိုင်ကြရန်လိုသည်။
အပူဒဏ်မြင့်မားသည့် ကာလရောက်ရှိလာသည်နှင့် ကျန်းမာရေးဝန်ကြီးဌာနကလည်း အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက်ကို မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ပေးလျက်ရှိရာ ဂရုတစိုက်မှတ်သားလိုက်နာ နေထိုင်ကြခြင်းအားဖြင့် အပူဒဏ်ကြောင့် ကျရောက်လာနိုင်သည့် အန္တရာယ်များကို ကာကွယ်နိုင်ကြမည်ဖြစ်သည်။ အပူချိန်မြင့်မားသည့် မြို့ရွာဒေသများတွင် အပူရှောင်နားခိုနေရာများ စီစဉ်ပေးပြီး ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကလည်း အပူဒဏ်အန္တရာယ်ကို တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးနိုင်သည့်အတွက် ကိုဗစ် - ၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ အပူရှောင်နားခိုနေရာများဖွင့်လှစ်၍ ကျန်းမာရေးထိခိုက်လွယ်သည့် သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါခံစားနေရသူများကို ပြုစုပေးနိုင်သည်။
မိမိတို့နိုင်ငံကဲ့သို့ပင် ပတ်ဝန်းကျင်နိုင်ငံများတွင်လည်း အပူချိန်မှာ ထူးထူးခြားခြား မြင့်တက်လျက်ရှိပြီး လွန်ခဲ့သည့် ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံတွင် အပူချိန်မြင့်မားသည့် နေရောင်အောက်၌ အရိပ်အမိုးမပါဘဲ လူထုအခမ်းအနားတစ်ခုကျင်းပခဲ့ရာ အပူဒဏ်ကြောင့် ၁၁ ဦး သေဆုံးသွားခဲ့ပြီး အများအပြားလည်း ဆေးရုံသို့ပို့ဆောင်ခဲ့ရသည့် သတင်းတစ်ပုဒ်ကို ဖတ်ရှုလိုက်ရသည်။ ပြင်းထန်သောအပူရှိန်နှင့်နေရောင်ကို အချိန်ကြာမြင့်စွာ တိုက်ရိုက်ထိတွေ့နေခဲ့ရခြင်းကြောင့် Heat Exhaustion ခေါ် အပူဒဏ်ကြောင့် ပင်ပန်းနွမ်း နယ်ခြင်းနှင့် ပိုမိုပြင်းထန်လာသည့်အခါတွင် Heat Stroke ခေါ် အပူဒဏ်ကြောင့် သတိလစ်ခြင်းတို့ကို ခံစားခဲ့ရရာမှ အသက်တိမ်းပါးခဲ့ရသည်အထိ ဖြစ်ခဲ့သည်မှာ သတိပြုဖွယ်ရာ ပင်ဖြစ်သည်။
သို့ဖြစ်ရာ အပူရှိန်မြင့်မားသည့် အချိန်များတွင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အရိပ်ရ၊ အေးမြ၍ လေဝင်လေထွက် ကောင်းသည့်နေရာတွင် အနားယူကြရန်၊ ပူပြင်းသည့်နေရောင်အောက်တွင် လှုပ်ရှားသွားလာမှုများမပြုကြရန်၊ အရက်သေစာသောက်စားမှုများကို ရှောင်ကြဉ်ရန်၊ ရေနှင့်ဓာတ်ဆားရည်တို့ကို လုံလောက်စွာသောက်သုံးရန်၊ အပူဒဏ်ကြောင့် အန္တရာယ်ဖြစ်ပေါ်လာပါက လူနာကိုရှေးဦးပြုစုခြင်းနည်းလမ်းများဖြင့်ပြုစုပေးပြီး နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးပို့ဆောင်၍ ကုသမှုခံယူကြရပါမည့်အကြောင်း။ ။