Skip to main content

နိုင်ငံတော်အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး ပြည်ထောင်စုစိတ်ဓာတ်တည်ဆောက်

“ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ မိမိတို့တိုင်းရင်းသားညီအစ်ကိုမောင်နှမ များအားလုံးသည် တစ်မြေတည်းနေ တစ်ရေတည်းသောက် သွေးချင်းညီအစ်ကိုများ ဆိုသည့်စိတ်၊ တောင်ပေါ်မြေပြန့်မခွဲခြား သားချင်းများဆိုသည့်စိတ်၊ မရှိအတူရှိအတူ အေးအတူပူအမျှ ဥမကွဲ သိုက်မပျက် အတူတကွချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသောမိသားစုများဆိုသည့် စိတ်ဓာတ်ပင်ဖြစ်ကြောင်း ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ် စဉ်(၅)မှ ကျောင်းသားကျောင်းသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းတစ်ရာကျော် အတူယှဉ်တွဲနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သဖြင့် တိုင်းရင်းသားများကြားတွင် စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ်ထားရှိကြရန် အထူးအရေးကြီးသည်။ ပြည်ထောင်စုကြီး နှစ်ပေါင်းထောင်ချီ အဓွန့်ရှည်တည်တံ့ခိုင်မြဲလာခြင်းသည် ပြည်ထောင်စုစိတ်ဓာတ် မြဲမြံခိုင်ကျည်ခဲ့သောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးပြန်လည်ရရှိအောင် ကြိုးပမ်းအားထုတ်စဉ်ကလည်း တိုင်းရင်းသားအားလုံး တညီတညွတ်တည်းချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ဖြင့်ပြည်ထောင်စုတစ်ခုလုံး၏ စုစည်းမှုကိုသက်သေပြပြီးဖြစ်သည်။ မျက်မှောက်ကာလ၌ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် အနာဂတ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင်လည်း ပြည်ထောင်စုစိတ်ဓာတ်သည် အခြေခံအုတ်မြစ်ဖြစ်သည်။

ပြည်ထောင်စုစိတ်ဓာတ်သည် နိုင်ငံအတွက် အသက်တမျှအရေးကြီးသည်။ အဆိုပါပြည်ထောင်စုစိတ်ဓာတ်ဖြင့်ပင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအချင်းချင်း အပြန်အလှန်ချစ်ခင်မှု၊ လေးစားမှု၊ ယုံကြည်မှုတို့ဖြင့်စည်းလုံးညီညွတ်သည့် ပြည်ထောင်စုကြီးအဖြစ် ရေရှည်တည်တံ့ခိုင်မြဲအောင် တည်ဆောက်သွားကြရမည်ဖြစ်သည်။ စည်းလုံးညီညွတ်သော ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရန်အတွက် အလိုအပ်ဆုံးနှင့်အရေးအကြီးဆုံးအချက်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါး ဖြစ်သည်။ ဒို့တာဝန်အရေးသုံးပါးသည် နိုင်ငံအတွက် ဦးထိပ်ပန်ဆင်အပ်သည့် အမျိုးသားရေးတာဝန်ဖြစ်သည်။

ပြည်ထောင်စုစိတ်ဓာတ်သည် ထာဝစဉ်လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ရမည့် ပြည်ထောင်စုသားအားလုံး၏ ခံယူချက်ဖြစ်သည်။ အထူးသဖြင့် မျိုးဆက်သစ် လူငယ်လူရွယ်အားလုံး၏နှလုံးသားတွင် ကိန်းအောင်းနေရမည့် စိတ်ဓာတ်ဖြစ်သည်။ နိုင်ငံတော်အစိုးရက ကောင်းမွန်သောအနာဂတ်ကို တည်ဆောက်နိုင်ရန်အတွက် လူငယ်လူရွယ်များကို ပျိုးထောင်ပေးလျက်ရှိသည်။ နိုင်ငံတော်က ပျိုးထောင်ပေးလိုက်သည့် လူသားအရင်းအမြစ်များအနေဖြင့် နိုင်ငံတော်၏ကျေးဇူးသစ္စာကိုစောင့်သိပြီး မျိုးဆက်သစ်များအား ကောင်းမွန်သောအမွေလက်ဆင့်ကမ်းပေးဝေ ကြရမည်ဖြစ်သည်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်သည် သက်တမ်းရှည်ကြာပြီဖြစ်သော ပြည်ထောင်စုရိပ်မြုံတစ်ခုဖြစ်သည်။ တိုင်းရင်းသားလူမျိုးအားလုံး၏ အကျိုးစီးပွားနှင့်တိုင်းရင်းသားလူမျိုးများအကြားတွင် ပြည်ထောင်စုစိတ်ဓာတ်များ လွှမ်းခြုံပေးနိုင်အောင်ဆောင်ရွက်မည့် လူသားအရင်းအမြစ်များ၏ ဘူမိနက်သန်တစ်ခုဖြစ်သည်။

ထို့ပြင်ပြည်ထောင်စုပန်းများ ပွင့်လန်းဝေဆာလာအောင် ပျိုး‌ထောင်ပေးသည့် ဥယျာဉ်တစ်ခုလည်းဖြစ်သည်။ ခေတ်အဆက်ဆက်တွင် အားထားခဲ့သည့် ပြည်‌ထောင်စုအရင်းအမြစ်ဖြစ်သည်။ ပြည်ထောင်စုတစ်ဝန်း တာဝန်ကျရာဒေသများ၌ လူငယ်လူရွယ်များ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များရှိလာအောင်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူများဖြစ်လာအောင်၊ ဒေသတွင်းနေထိုင်ကြသည့် တိုင်းရင်းသားအချင်းချင်း ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာတရားများကို အပြန်အလှန်လေးစားတန်ဖိုးထားပြီး လောကကောင်းကျိုး သယ်ပိုးလိုသူများ ဖြစ်လာအောင်၊ နိုင်ငံအတွက် အလိုအပ်ဆုံးဖြစ်နေသည့် ပြည်ထောင်စုစိတ်ဓာတ်ကို တိုင်းရင်းသားလူမျိုးများကြားတွင် ထွန်းကားပြန့်ပွားလာအောင်ဆောင်ရွက်ကြ ရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရသည် ပညာတတ်သည့်မျိုးဆက်နှင့် တိုးတက်သည့် နိုင်ငံတော်ကို ထူထောင်နိုင်ရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အားကြိုးမာန်တက် တာဝန်ထမ်းရွက်ကြမည့် နိုင်ငံ့သားကောင်းရတနာများကို စဉ်ဆက်မပြတ်ပျိုးထောင် မွေးထုတ်ပေးလျက်ရှိရာ အဓိကအရေးကြီးသည့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီးတိုင်းရင်းသား ပြည်သူများအကြား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်နှင့် ပြည်‌ထောင်စုစိတ်ဓာတ်အခြေခံကောင်းများ ရရှိဖြစ်ထွန်းလာအောင် မွေးထုတ်ပေးထားသည့် အရင်းအမြစ်များက ဦးဆောင်စည်းရုံးဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။ ။