Skip to main content

မြန်မာ့ရုပ်ရှင်ရာပြည့် အခမ်းအနားကျင်းပရေး ဉီးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ဩဂုတ် ၁၅

မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပရေး ဉီးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဉီးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့် ဉီးစီးကော်မတီဝင်များ၊ ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ရုပ်/သံ မီဒီယာများနှင့် ရုပ်ရှင်ရုံများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဉီးစွာ မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပရေးဉီးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပနိုင်ရေးအတွက် ပြီးခဲ့သည့်နှစ် မေလကပင် ကြိုတင်ဆွေးနွေး စီစဉ်ခဲ့ကြပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကန့်သတ်ချက်များ ရှိနေပါကြောင်း၊ သို့ရာတွင် မြန်မာ့ ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ  ၁၃ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကျင်းပရန် လျာထားပါကြောင်း၊ ထိုသို့ ကျင်းပပြုလုပ်နိုင်ရန် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ယခုတက်ရောက်လာကြသည့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ နာယကကြီးများ၊ တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုကြောင်း၊ ပွဲတော်ကျင်းပရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဆပ်ကော်မတီများ ဖွဲ့စည်းပေးထားပြီးဖြစ်သဖြင့် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ကြမည့် အစီအစဉ်များကို တိတိကျကျ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးရန် လိုအပ်ပါ ကြောင်း၊ ဆပ်ကော်မတီများနှင့် လုပ်ငန်းကော်မတီ၊ ဉီးစီးကော်မတီတို့ ချိတ်ဆက် ဆောင်ရွက်နိုင်ရန် လုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းပြီး အသေးစိတ် ဆွေးနွေးညှိနှိုင်း ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ပါ ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဉီးအေးကြွယ်က မြန်မာ့ ရုပ်ရှင်ရာပြည့်အခမ်းအနား ကျင်းပရေးဉီးစီးကော်မတီ၏ လုပ်ငန်းတာဝန်များ၊  မြန်မာ့ရုပ်ရှင် ရာပြည့် အထိမ်း အမှတ် အခမ်းအနား ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဉီးစီးကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့် စည်ပင်သာယာရေးဝန်ကြီး ဉီးမောင်မောင်စိုး၊  မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးနာယက ဉီးကြည်စိုးထွန်း၊ ဉီးအောင်လွင်၊ ဉီးနှင်းမိုး၊ ဉီးအောင်မြင့်မြတ်နှင့် ဉီးစိုးမိုး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဉီးရဲနိုင်၊ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌ များနှင့် အတွင်းရေးမှူးများ၊ တက်ရောက်လာကြသည့် ရုပ်သံလွှင့်ဌာနများမှ တာဝန်ရှိသူများက မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပရေးဆိုင်ရာ  ကိစ္စရပ်များ၊ ရှေးဟောင်း သမိုင်းဝင် ရုပ်ရှင်ဇာတ်ကားများ ပြသရေးဆိုင်ရာကိစ္စများ၊ စာတမ်းဖတ်ကြားရေး၊  ရာပြည့်မဂ္ဂဇင်း ထုတ်ဝေရေး၊ ပြခန်းများခင်းကျင်းပြသရေး၊ စည်းရုံးလှုံဆော်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြသည်။

ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ဉီးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

(သတင်းစဉ်)