ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရလေ့ရှိရာ ယင်းအခက်အခဲများကို စီးပွားရေးဆိုင်ရာ အခက်အခဲနှင့် စီးပွားရေးနှင့် တိုက်ရိုက်မသက် ဆိုင်သော အခက်အခဲများဟူ၍ သုတေသီပညာရှင်တို့က ခွဲခြား ဖော်ပြကြသည်။ ထို့အပြင် ၎င်းတို့၏ လေ့လာတွေ့ရှိချက်များအရ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးမဖွံ့ဖြိုး၊ မတိုးတက်ရခြင်း အကြောင်းတရားများတွင် စီးပွားရေးဆိုင်ရာ အကြောင်းတရားများထက် စီးပွားရေးနှင့် တိုက်ရိုက်မသက်ဆိုင်သော အကြောင်းတရားများက ပို၍အရေးပါကြောင်း၊ ယင်းအခြေအနေမှာလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်းနိမ့်ကျလေ ပို၍မှန်ကန်လေ ဖြစ်ကြောင်းဖြင့်လည်း ဆိုထားသည်။
စီးပွားရေးဆိုင်ရာ အခက်အခဲများဟုဆိုရာတွင် အရင်းအနှီး ချို့တဲ့ခြင်း၊ သယံဇာတအရင်းအမြစ် ခေါင်းပါးခြင်း၊ နည်းပညာနှင့် အတတ်ပညာဆိုင်ရာ ချို့တဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းများတွင် လူလတ်တန်းစားစွန့်ထွင် ဦးစီးသူများ (middle class entrep-reneurs) နည်းပါးခြင်း၊ စိုက်ပျိုးမြေဧရိယာထက် လူဦးရေအချိုးအစားက အဆမတန် များပြားခြင်းတို့ဖြစ်သည်ဟု ဆိုသည်။ စီးပွားရေးနှင့် တိုက်ရိုက်မသက်ဆိုင်သော အခက်အခဲများတွင် နိုင်ငံအတွင်းရှိ ရုပ်ဝတ္ထုနှင့် လူအင်အားအရင်းအမြစ်များကို ထိရောက်စွာအသုံးပြုနိုင်သည့် နည်းလမ်းများမရှိခြင်း၊ နိုင်ငံတော် ယန္တရားအသီးသီး၏ စီမံခန့်ခွဲမှုမကျွမ်းကျင်ခြင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် နိမ့်ကျခြင်း၊ လူမှုရေးနှင့် ပညာရေးဆိုင်ရာ အဆောက်အအုံများ မလုံလောက်ခြင်း၊ အမျိုးသားစုစည်းမှု (National Integration) အားနည်းခြင်း၊ ပြည်သူတို့၏ နိုင်ငံရေးပျိုးထောင်မှုအဆင့်အတန်း (Level of political culture) နိမ့်ကျခြင်း၊ လူမှုဆက်ဆံရေးအခြေအနေ တင်းမာခြင်းနှင့် နိုင်ငံရေးမတည်ငြိမ်ခြင်းတို့ ပါဝင်သည်ဟုဆိုသည်။ နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် စီးပွားရေးဆိုင်ရာ အခက်အခဲများကို ဖြေရှင်းရန်လိုအပ်သကဲ့သို့ စီးပွားရေးနှင့် တိုက်ရိုက်မသက်ဆိုင်သည့် အခက်အခဲများကိုလည်း လျစ်လျူရှုမထားဘဲ ဖြေရှင်းရန်လိုအပ်သည်ဟု ပညာရှင်များက ပြောကြားသည်။
မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်ပြီး အလားအလာကောင်းများ ပိုင်ဆိုင်ထားသလို အခက်အခဲနှင့် စိန်ခေါ်မှုများစွာလည်း ရှိနေသည်။ လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်မှုအပေါ် များစွာသက်ရောက်မှု ဖြစ်ပေါ်စေခဲ့သလို လက်ရှိကမ္ဘာ့စီးပွားရေးကျဆင်း မှုနှင့် ဆက်နွှယ်၍ ကမ္ဘာတစ်ခွင်၌ ဖြစ်ပေါ်လျက်ရှိသော အစားအစာနှင့် လောင်စာဆီဈေးနှုန်း မြင့်တက်မှုများကလည်း အဘက်ဘက်မှ အားနည်းချက်ရှိသည့် မိမိတို့နိုင်ငံအပေါ် ရိုက်ခတ်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ၂၀၂၁ ခုနှစ်တွင် အနုတ် ၁၇ ဒသမ ၉ အထိ ကျဆင်းသွားခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် အပေါင်း ၃ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိလာသလို ယခုနှစ် ၂၀၂၃ ခုနှစ်တွင် အပေါင်း ၃ ရာခိုင်နှုန်းတွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ပြည်ပ အဖွဲ့အစည်းအချို့က ခန့်မှန်းထားကြသည်။ အရှေ့တောင်အာရှနိုင်ငံများအတွင်း ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်တို့ကို ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများအဖြစ် သတ်မှတ်ထားရာ စိုက်ပျိုး၊ မွေးမြူ၊ ကုန်ထုတ်လုပ်မှုများ မြှင့်တင်ပြီး ၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်က စီးပွားဖွံ့ဖြိုးမှု ၆ ဒသမ ၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား ၅ ဒသမ ၅ ရာခိုင်နှုန်းတို့ဖြင့် အရှိန်အဟုန်ရရှိနေကြပြီး မြန်မာနှင့် လာအိုတို့မှာ ၃ ရာခိုင် နှုန်းကိုယ်စီဖြင့် ရပ်တည်နေကြသည်။
မိမိတို့နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်မှာ စည်းလုံးညီညွတ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုနှင့် တည်ငြိမ်အေးချမ်းမှု တို့ဖြစ်သည်။ နိုင်ငံသား၊ တိုင်းရင်းသား ပြည်သူလူထုအတွင်း စည်းလုံးညီညွတ်မှု လိုအပ်သကဲ့သို့ အစိုးရနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်သည်။ ထို့အပြင် နိုင်ငံတစ်ဝန်းတည်ငြိမ် အေးချမ်းခြင်းသည်လည်း အဓိကလိုအပ်ချက်ပင်ဖြစ်ရာ စည်းလုံး ညီညွတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် တည်ငြိမ်အေးချမ်းခြင်းကို ဖော်ဆောင်ကာ နိုင်ငံ့စီးပွားနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်နိုင်ပါစေကြောင်း။ ။
မြန်မာ့အလင်းအယ်ဒီတာ့အာဘော်