(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)
အားလုံးမင်္ဂလာပါ
ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ၊ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ပထမဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ဒီနေ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ဟာ မြန်မာနိုင်ငံဒေသအသီးသီးမှာ နေထိုင်ကြတဲ့ မြန်မာအမျိုးသမီးများအားလုံးအတွက် ထူးခြားလေးနက်တဲ့နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။ ဒီနေ့ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့မှာ ထူးချွန်တဲ့အမျိုးသမီးများကို ဂုဏ်ပြုချီးမြှင့်တဲ့နေ့လည်းဖြစ်တဲ့အတွက် မြန်မာအမျိုးသမီးများအားလုံးကို လှိုက်လှိုက်လှဲလှဲဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် နိုင်ငံတော်ကသတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၈ ခုနှစ်ကစလို့ မြန်မာအမျိုးသမီးများရဲ့ ထူးချွန်ထက်မြက်တဲ့ စွမ်းဆောင်ရည်များနဲ့ လေးစားဂုဏ်ယူဖွယ် ဂုဏ်ဒြပ်များကို ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ်ကျင်းပကြပါတယ်။
မြန်မာအမျိုးသမီးများဟာ ရှေးအစဉ်အလာကတည်းက အမျိုးသားများနည်းတူ သာတူညီမျှ လူ့အခွင့်အရေးတွေကို ယနေ့အထိ နိုင်ငံတကာစံချိန်စံညွှန်းများနဲ့ ကိုက်ညီစွာခံစားနေကြရတာ အားလုံးသိရှိပြီးသားဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ မိသားစု၊ လူ့အဖွဲ့အစည်း၊ နိုင်ငံနဲ့ လူမျိုးအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်အသီးသီးမှာ မြန်မာအမျိုးသမီးများဟာ အမျိုးသားများနဲ့ တန်းတူရင်ပေါင်တန်းပြီး လွတ်လပ်တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။
ကိုလိုနီခေတ်လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက်မှာလည်း အမျိုးသားများနဲ့ ရင်ပေါင်တန်းတိုက်ပွဲဝင်ခဲ့ကြတဲ့ အမျိုးသမီးသူရဲကောင်းများစွာရှိခဲ့ကြပါတယ်။ ယနေ့မျက်မှောက်ကာလမှာလည်း စီးပွားရေး၊ လူမှုရေးနယ်ပယ်များနဲ့ အသိပညာ၊ အတတ်ပညာ၊ အနုပညာဆိုင်ရာနယ်ပယ်များမှာ ထူးချွန်ထက်မြက်ပြီး ဂုဏ်ယူဖွယ်၊ စံပြအားထားဖွယ် မြန်မာအမျိုးသမီးများ များစွာပေါ်ထွက်ခဲ့ပါတယ်။
မြန်မာအမျိုးသမီးများအနေနဲ့ အခြေခံအကျဆုံးဖြစ်တဲ့ မိသားစုတာဝန်ကစလို့ ကဏ္ဍစုံ၊ နယ်ပယ်စုံတွေမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်မြင့်မားလာနေတာကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်များဖြစ်တဲ့ စစ်မှုထမ်း၊ ရဲမှုထမ်းများအဖြစ် အမျိုးသားများနဲ့ ရင်ပေါင်တန်းပြီး ထူးချွန်ထက်မြက်စွာ နိုင်ငံ့အကျိုးကို သယ်ပိုးလျက်ရှိတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
နိုင်ငံတကာနဲ့ အာဆီယံဒေသအဆင့်တွေမှာ မြန်မာနိုင်ငံရဲ့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကတိကဝတ်ပြုမှုများကို အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော်အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနဲ့ ဒေသဆိုင်ရာကော်မတီ အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။ အမျိုးသမီးများ အထူးသဖြင့် အမျိုးသမီးငယ်ရွယ်များရဲ့ လူမှုစီးပွားဘဝ အခြေအနေမြင့်မားရေးမှာ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကဏ္ဍစုံမှာ အမျိုးသမီးများနဲ့ အမျိုးသားတန်းတူ ပါဝင်ခွင့်ရရှိရေးနဲ့ အမျိုးသမီးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာအောင် ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၁၉၉၇ ခုနှစ်မှာ အဖွဲ့ဝင်အဖြစ် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။ ကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်ရွက်မှုများနဲ့စပ်လျဉ်းပြီး အစီရင်ခံစာများကို UNCEDAW ကော်မတီသို့ တင်သွင်းခဲ့ရာမှာ စတုတ္ထနဲ့ပဉ္စမအကြိမ် တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာကို ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှာ တင်သွင်းဖို့ ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်လို့ အစီရင်ခံစာရေးသားမှုမှာ မိမိတို့နိုင်ငံက အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေး၊ ကဏ္ဍစုံမှာ ကျား၊ မ တန်းတူညီမျှရေးနဲ့ အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်ချက်များကိုကဏ္ဍစုံ၊ နယ်ပယ်စုံက ပြည့်ပြည့်စုံစုံပါဝင်အောင် ထည့်သွင်းဖော်ပြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် ကိန်းဂဏန်းအရ အစိုးရဌာနများမှာ အမျိုးသမီးပါဝင်မှုနှုန်းအနေဖြင့် ညွှန်ကြားရေးမှူးချုပ်အဆင့်မှာ ၂၆ ဒသမ ၂ ရာခိုင်နှုန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်မှာ ၄၃ ဒသမ ၃ ရာခိုင်နှုန်း၊ ညွှန်ကြားရေးမှူးအဆင့်မှာ ၅၂ ဒသမ ၆ ရာခိုင်နှုန်း၊ ဒုတိယညွှန်ကြားရေးမှူးအဆင့်မှာ ၅၆ ဒသမ ၆ ရာခိုင်နှုန်း၊ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်မှာ ၅၇ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ ဒါကိုကြည့်ရင် ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုကဏ္ဍမှာ မြန်မာအမျိုးသမီးများရဲ့ စွမ်းဆောင်ရည်များစွာ တိုးတက် မြင့်မားလာပြီး ကျား၊ မ ရေးရာတန်းတူညီမျှမှုရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း အနှစ်ချုပ်အစီရင်ခံစာအရ အသက် ၁၅ နှစ်နှင့်အထက် အမျိုးသမီးစာတတ်မြောက်မှုနှုန်းဟာ အမျိုးသားစာတတ်မြောက်မှုနှုန်းထက် ၆ ရာခိုင်နှုန်းခန့်လျော့နည်းပြီး အသက် ၁၅ နှစ်နဲ့အထက် လူဦးရေရဲ့ လုပ်သား အင်အားပါဝင်မှုနှုန်းမှာလည်း အမျိုးသမီးလုပ်သားအင်အား ပါဝင်မှုနှုန်းဟာ အမျိုးသားလုပ်သားအင်အား ပါဝင်မှုနှုန်းထက် အနည်းငယ်လျော့နည်းနေတာ တွေ့ရပါတယ်။ ဒီကိန်းဂဏန်းအချက်အလက်တွေအရ အမျိုးသမီးများအထူးသဖြင့် အမျိုးသမီးငယ်ရွယ်များရဲ့ လူမှုစီးပွားဘဝအခြေအနေမြင့်မားရေးအတွက် ပညာသင်ကြား တတ်မြောက်ရေးကို မြှင့်တင်ပေးဖို့လိုပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ကောင်းမွန်စေရေးအတွက် အလုပ်လုပ်ကိုင်နိုင်တဲ့အရွယ်ရှိ အမျိုးသမီးများရဲ့ အလုပ်လုပ်နိုင်တဲ့ စွမ်းရည်များ ကျွမ်းကျင်ပိုင်နိုင် နေဖို့လိုအပ်ကြောင်း တွေ့ရှိရပါတယ်။
ကျွန်တော်တို့ အစိုးရအနေနဲ့ ပညာသင်ကြားသူလူငယ်များ အားလုံး KG+9 အဆင့်ထိ ပညာသင်ကြားနိုင်ရေး အထူးအလေးထား ဆောင်ရွက်နေတာဖြစ်လို့ အကျုံးဝင်သူ အမျိုးသမီးများအားလုံး KG+9 အဆင့်ထိ ပညာသင်ကြားပြီးစီးရေး ဝိုင်းဝန်းကူညီဆောင်ရွက် ပေးစေလိုပါတယ်။
စာတတ်မြောက်မှုနဲ့ ပညာအရည်အချင်းတို့ဟာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဆက်စပ်နေတဲ့အတွက် အမျိုးသမီးများကို ခေတ်မီပညာရေးနဲ့ ခေတ်မီနည်းပညာများ သင်ကြားရာမှာ ယခုထက် ပိုမိုအားပေးဖို့လိုသလို စာတတ်မြောက်ရေးနဲ့ ပညာရေးပြီးဆုံးမှုတို့ မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်သွားဖို့လည်း လိုအပ်ပါတယ်။ တစ်ဖက်ကလည်း ပညာရေး အားနည်းသူများအတွက် အိမ်တွင်းမှုလုပ်ငန်းများအပါအဝင် အသက်မွေးဝမ်းကျောင်း ပညာရပ်များကိုလည်း တိုးမြှင့်သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်း တိုးတက်အောင် ဆောင်ရွက်ပေးဖို့လိုပါတယ်။
၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ရဲ့ “ကျား၊ မ တန်းတူညီမျှဖို့ နည်းပညာနဲ့ ဆန်းသစ်စို့” “(DigitALL: Innovation and technology for gender equality)” ဆောင်ပုဒ်ကလည်း အမျိုးသမီးများနဲ့ ထိခိုက်လွယ်တဲ့ အုပ်စုများကို နည်းပညာလက်လှမ်းမီရရှိစေခြင်းဖြင့် အမျိုးသမီးများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြစ်သလို ကျား၊ မ တန်းတူညီမျှမှုကို ပိုမိုမြှင့်တင်ပေးနိုင်စေမယ့် အလားအလာကောင်းများကို ဖြစ်ပေါ်စေပါတယ်။
ဒီလိုနည်းပညာဆိုင်ရာ အကျိုးကျေးဇူးများကိုရရှိပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ဆီကို ကျား၊ မ တန်းတူညီမျှစွာ အရောက်လှမ်းနိုင်ဖို့အတွက် တီထွင်ဆန်းသစ်မှု၊ နည်းပညာနဲ့ ဒစ်ဂျစ်တယ်အသိပညာဆိုင်ရာ မြှင့်တင်ဆောင်ရွက်ဖို့၊ နည်းပညာလက်လှမ်းမီရရှိဖို့၊ နည်းပညာဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဒစ်ဂျစ်တယ်ကဏ္ဍမှာ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များရဲ့ အခွင့်အရေးကိုကာကွယ်ဖို့နဲ့ အွန်လိုင်းနဲ့နည်းပညာဆိုင်ရာ ကျား၊ မ အခြေပြုအကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းဖို့လည်း လိုအပ်ကြောင်းကို ဒီဆောင်ပုဒ်က မီးမောင်းထိုးပြထားတာကို သတိထားကြရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံ လူဦးရေရဲ့ ထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးများဟာ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးမှာ အရေးပါတဲ့ အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန်တဲ့ လူသားအရင်းအမြစ်တွေ ဖြစ်ကြပါတယ်။ မြန်မာအမျိုးသမီးများဟာ လောကကို တစ်ဖက် တစ်လမ်းက တာဝန်ယူသူများ၊ လူငယ်လူရွယ်များရဲ့ အနာဂတ်ကိုလှပအောင် ဖန်တီးသူဥယျာဉ်မှူးများ ဖြစ်ကြပါတယ်။ တစ်နည်းအားဖြင့် အနာဂတ်နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များကို ပုံသွင်းထုဆစ်ပေးကြတဲ့ ဗိသုကာပညာရှင်များ ဖြစ်ကြပါတယ်။
ဒါ့ကြောင့် မိသားစု၊ လူ့အဖွဲ့အစည်းများကတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာမှာ အမျိုးသမီးများနဲ့ မိန်းကလေးငယ်ရွယ်များအတွက် ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ပေးရေးကို မြှင့်တင်လုပ်ဆောင်ကြဖို့ မှာကြားလိုပါတယ်။ အမျိုးသမီး၊ အမျိုးသားအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးထုကြီးရဲ့အင်အားနဲ့ အကောင်အထည်ဖော်ကြဖို့နဲ့ မြန်မာအမျိုးသမီးများရဲ့ အခွင့်အရေးများ အလေးထားဆောင်ရွက်ကာ စွမ်းဆောင်ရည်များ ဖော်ထုတ်ပေးနိုင်ဖို့ ဒီကနေ့ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့မှာ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။