မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီကာလကတည်းက ယဉ်ကျေးမှုအစဉ်အလာကြီးမားခဲ့သည့် နိုင်ငံဖြစ်သည်။ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ မြောက်ဦး၊ ပုဂံစသည့်ယဉ်ကျေးမှုမြင့်မားသောမြို့ပြနိုင်ငံများ တည်ထောင်နိုင်ခဲ့မှုနှင့်အတူ တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအမွေအနှစ်များပါ ထွန်းကားခဲ့သည်။ အတိတ်သမိုင်းခေတ်ကာလများက အဆင့်အတန်းမြင့်မားသော ယဉ်ကျေးမှုများ ထွန်းကားခဲ့သောကြောင့် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်ရှိန်ကိုတက်စေခဲ့သည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်းထောင်ချီဖြစ်တည်ခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များမှာ ယနေ့ထက်တိုင် နိုင်ငံတစ်ဝန်းတွင် ဖြစ်ထွန်းလျက်ရှိသည်။ အစောဆုံးမြို့ပြ ထွန်းကားခဲ့သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာရှေးမြို့ဟောင်းသုံးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ယူနက်စကိုကသတ်မှတ်ခဲ့ပြီး နှစ်ပေါင်း ထောင်ကျော်ရှေးဟောင်းဗိသုကာလက်ရာများ တစုတဝေးတည်း တည်ရှိနေသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသည်လည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် ထိုက်တန်စွာရရှိခဲ့ပြီးဖြစ်သည်။ အလားတူရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ဒေသများနှင့် ရှေးဟောင်းယဉ်ကျေးမှု ဗိသုကာလက်ရာများစွာနိုင်ငံအနှံ့တွင် ရှိနေသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးတစ်ရာကျော် စုစည်းနေထိုင်ကြကာ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ ယနေ့ထက်တိုင် စုံလင်စွာ ဖြစ်ထွန်းလျက်ရှိသည်။ မြန်မာတစ်မျိုးသားလုံး၏ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ကျန်ရှိရစ်သော ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များအပြင် ရုပ်ဝတ္ထုမဟုတ်သည့် ဒြပ်မဲ့ယဉ်ကျေးမှုများလည်း အမြောက်အမြားရှိသည်။ နှစ်ပေါင်းရှည်ကြာဖြစ်ထွန်းခဲ့သည့် ဒြပ်မဲ့ ယဉ်ကျေးမှုများအနက် မြန်မာနိုင်ငံ၏ ပထမဆုံးဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုသို့ ၂၀၂၀ ပြည့်နှစ်က တင်ပြခဲ့ ပြီးဖြစ်သော်လည်း ပြည့်စုံစွာပြန်လည်ရေးသွင်းရမည့် အချက်အလက်အချို့လိုအပ်နေကြောင်း မြန်မာနိုင်ငံအား အကြောင်းကြားထားသည်။
မြန်မာတို့၏ အစဉ်အလာကြီးမားသော မဟာအတာသင်္ကြန်ပွဲတော်ကိုလည်း ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းနိုင်ရေး အဆိုပြုစာတွဲကို ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့ကယူနက်စကိုသို့ ပေးပို့ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စာရင်းကောက်ယူထားသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပေါင်း ၂၂၈၉ ခုရှိသည်။ ၎င်းတို့ကို မြန်မာနိုင်ငံအမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် မှတ်ပုံတင်စာရင်း (ပထမအကြိမ်)အဖြစ် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၆ ရက်နေ့တွင် သတ်မှတ်ခဲ့ပြီးဖြစ်သည်။ ဒြပ်ရှိ/ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံတော်က ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး ပြည်သူများကလည်း အမျိုးသားရေးအသိဖြင့် ပါဝင်လက်တွဲဆောင်ရွက်ကြရမည် ဖြစ်သည်။
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် သက်ဆိုင်ရာဥပဒေများသည် အရေးပါပြီး ခေတ်နှင့်ဆီလျော်သည့် ဥပဒေများကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိသည်။ ထုတ်ပြန်ထားသည့်ဥပဒေများနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် အများအားဖြင့် သိရှိနားလည်ထားခြင်းမရှိပေ။ ထို့ကြောင့် ယဉ်ကျေးမှုဆိုင်ရာဥပဒေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာများပေးဝေကြရမည်ဖြစ်သည်။ သက်ဆိုင်ရာဥပဒေများကို သိရှိနားလည်ထားခြင်းဖြင့် ဥပဒေနှင့်အညီ ပိုမိုထိန်းသိမ်းစောင့်ရှောက်လာနိုင်ပြီး ပြည်သူတို့၏ လူနေမှုဘဝနှင့်ဂုဏ်ဒြပ်မြင့်မားရေးကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင် မည်ဖြစ်သည်။
ယဉ်ကျေးမှုအမွေအနှစ်များသည် နိုင်ငံအတွက်အဖိုးမဖြတ်နိုင်သောရတနာတစ်ပါးကဲ့သို့ တန်ဖိုးကြီးမားလှသဖြင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်ရန်၊ ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားအားလုံးတွင်တာဝန်ရှိသည်။ ဒြပ်ရှိယဉ်ကျေးမှုများကို သဘာဝဘေးအန္တရာယ်များနှင့် လူတို့အန္တရာယ်များကျရောက်မှုမှ စနစ်တကျကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။ ဒြပ်မဲ့ယဉ်ကျေးမှုများမှာ တိုင်းရင်းသားလူမျိုးများအားလုံးကြားတွင် တည်ရှိနေသဖြင့် မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း၊ မြှင့်တင်ခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်သည်။
ယဉ်ကျေးမှုဟူသည် လူသားတစ်ဦး သို့မဟုတ် လူသားမျိုးနွယ်တစ်စုစတင် ဖြစ်တည်သည်မှ ကာလတစ်လျှောက်လုံး ဖြစ်ပေါ်တိုးတက်၊ ထိတွေ့ဆက်ဆံရသော အရာအားလုံးကို ဆိုလိုနိုင်သည်။ လူမှုဘဝတိုးတက်ဖြစ်ထွန်းမှုများသည် ယဉ်ကျေးမှုတိုးတက်မြင့်မားလာခြင်းဖြစ်သည်။ တိုးတက်ဖြစ်ထွန်းမှုအားလုံးကို မှတ်တမ်းတင်ရန်၊ ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သည်။ ဒြပ်ရှိယဉ်ကျေးမှုဟူသည် လူသား တို့ကိုင်တွယ်ပြုလုပ်ခဲ့သော အရာအားလုံးပါဝင်သည်။ ဒြပ်မဲ့ယဉ်ကျေးမှုဟူသည်မှာ လူသားတို့၏ ဘာသာစကား၊ အတွေးအခေါ်၊ အယူအဆ၊ ယုံကြည်မှု၊ ထုံးတမ်း အစဉ်အလာ၊ အနုသုခုမ စသည်တို့အားလုံးပါဝင်သည်။
သို့ဖြစ်ရာ ယဉ်ကျေးမှုပျောက်ပါက လူမျိုးပျောက်နိုင်သဖြင့် မိမိတို့သက်ဆိုင်ရာ ယဉ်ကျေးမှုများ မပျောက်ပျက်စေရန်အတွက် နိုင်ငံတော်၏လူမှုရေးဦးတည်ချက်နှင့်အညီ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း။ ။