ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးရေး၊ စိုက်ဧကများ အားလုံးတွင် ပန်းတိုင်အထွက်နှုန်း များရရှိရေး၊ ဆီထွက်သီးနှံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မိမိတို့နိုင်ငံ၏ နှစ်စဉ်စားသုံးဆီလိုအပ်ချက်မှာ တန်ချိန် ၁ ဒသမ ၁ သန်းခန့်ရှိပြီး ပြည်တွင်းဆီထွက်သီးနှံ ထုတ်လုပ်မှုက ဖြည့်ဆည်း မပေးနိုင်မှုကြောင့် စားသုံးဆီလိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရသည်။ နှစ်စဉ် ပြည်ပမှ စားသုံးဆီတန်ချိန် ၈ သိန်းခန့်ကို ပြည်တွင်း ဆီဖူလုံရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ဖိုးခန့် တင်သွင်းနေရခြင်းဖြစ်သည်။
မိမိတို့နိုင်ငံသည် စုစုပေါင်း သီးနှံစိုက်ဧက၏ ၁၆ ဒသမ ၉ ရာခိုင်နှုန်းကို မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပန်းနှမ်း စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးနေခြင်းဖြစ်ပြီး ယေဘုယျအားဖြင့် ပြည်တွင်းဆီစားသုံးမှုအတွက် ဖူလုံနိုင်သည့် အခြေအနေတွင် ရှိသည်။ ၂၀၂၂ - ၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံစုစုပေါင်း ဧက ၈ ဒသမ ၃ သန်းကျော် စိုက်ပျိုးခဲ့ပြီး စားသုံးဆီတန်ချိန် ၆၈၀၀၀၀ ကျော် ထွက်ရှိနိုင်ရန် ခန့်မှန်းထားကြောင်းနှင့် စိုက်ဧကများ အားလုံးတွင် ပန်းတိုင်အထွက် နှုန်းရရှိမည်ဆိုပါက စားသုံးဆီ တန်ချိန် ၁၃ သိန်းကျော် ထွက်ရှိမည်ဖြစ်သဖြင့် ဆီဖူလုံမှု ပိုမိုလာ နိုင်ကြောင်း သိရသည်။ အဆိုပါ စိုက်ဧကများတွင် ဆီအုန်း စိုက်ဧကများ မပါဝင်သေးဘဲ ဆီအုန်းကို စိုက်ဧကအပြည့်အဝ စိုက်ပျိုးပြီး ပြည်တွင်းစားအုန်းဆီ ထုတ်လုပ်မှုမြှင့်တင်နိုင်ပါက စားသုံးဆီဖူလုံမှုကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။
ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နေပါလျက်နှင့် ဆီမဖူလုံ ရသည့်အကြောင်းများတွင် မြေပဲနှင့် နှမ်းတို့ကို စားသောက်ဖွယ်ရာ များအဖြစ် ပြည်တွင်း၌ စားသုံးနေခြင်းနှင့် ပြည်ပသို့ ပါတင်ပို့နေခြင်း စသည့်အကြောင်းများလည်း ပါဝင်သည်။ မြေပဲ၊ နှမ်း၊ နေကြာတို့ကို ဆီထုတ်လုပ်ခြင်း အတွက်သာမက အခြားနည်းဖြင့်လည်း စားသုံးနေရာ ဈေးကွက်လို အပ်ချက်အရ တိုးချဲ့စိုက်ပျိုး ရန်နှင့် တစ်ဧကချင်းစီ၌ အထွက်တိုးရန်လည်း လိုအပ်လာသည်။ “ဆီထွက်သီးနှံများဖြစ်သည့် မြေပဲနှင့် နှမ်းများကို ပြည်ပသို့ တင်ပို့ခြင်းထက် ပြည်တွင်း၌ ဆီထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက ဆီစက်များလည်ပတ်ရခြင်း၊ တိရစ္ဆာန် အစာအတွက် လိုအပ်သည့် နှမ်းဖတ်၊ ပဲဖတ်များရရှိခြင်း၊ အလုပ်အကိုင်များ ရရှိခြင်းများ ဖြစ်ပေါ်ပြီး ပြည်တွင်းဆီဖူလုံမှုကို များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း” နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က UMFCCI ညီနောင်အသင်းအဖွဲ့ များမှ တာဝန်ရှိသူများအား ဇူလိုင် ၂ ရက်က နိုင်ငံ့စီးပွားမြှင့်တင် နိုင်ရေးကိစ္စရပ်များကို ကဏ္ဍအလိုက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ရာတွင် ထည့်သွင်းပြောကြားခဲ့ရာ ပြည်တွင်းစားသုံးဆီဖူလုံမှု ကို ဦးစားပေးရန်နှင့် မြေပဲနှင့် နှမ်းတို့ကို ပိုလျှံပါက ပြည်ပသို့ ပို့နိုင်ရန် တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ကြရေး အလေးအနက်ထား ဆောင်ရွက်သွားကြရန်လိုသည်။
ဆီထွက်သီးနှံများကို နေကြာတစ်ဧကလျှင် တင်း ၅၀၊ မြေပဲ တစ်ဧကလျှင် တင်း ၅၀ နှင့် နှမ်းတစ်ဧကလျှင် တင်း ၂၀ ပန်းတိုင် အထွက်နှုန်းများအတိုင်း ထွက်ရှိနိုင်ရေးအတွက် သွင်းအားစု ပံ့ပိုးမှုများ ကောင်းမွန်ရန်လိုအပ်သကဲ့သို့ တောင်သူတို့ဝါယမ စိုက်ထုတ်မှုလည်း သာမန်ထက်ပိုရန် လိုအပ်သည်။ မျိုးကောင်း မျိုးသန့်ရွေးချယ်ခြင်း၊ စိုက်နည်းစနစ်နှင့် စိုက်ချိန်မှန်ကန်ခြင်း၊ မြေပြုပြင်ခြင်းနှင့် သွင်းအားစုများ ထည့်သွင်းခြင်း၊ အပင်ပြုစု စောင့်ရှောက်ခြင်း၊ ပိုးမွှားရောဂါနှိမ်နင်းခြင်း၊ စနစ်တကျ ရိတ်သိမ်းခြွေလှေ့ခြင်း စသည့် လုပ်ငန်းတိုင်းတွင် စိုက်ပျိုးရေး နည်းစနစ်ကောင်းများကို လိုက်နာကာ အာရုံစူးစိုက်ကြိုးပမ်း လုပ်ကိုင်ခြင်းအားဖြင့် တောင်သူတို့၏ စီးပွား၊ လုပ်ငန်းရှင်တို့၏ စီးပွားနှင့် နိုင်ငံ့စီးပွားကို မြင့်မားတိုးတက်နိုင်ပါစေကြောင်း။ ။
မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)