Skip to main content

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်သို့

ကမ္ဘာကြီးတွင်နေထိုင်ကြသောလူဦးရေသည် အရှိန်အဟုန်ဖြင့် တိုးပွားလျက်ရှိသည်။ ကမ္ဘာ့လူဦးရေတိုးပွားမှုသည် သန်းတစ်ထောင်မှ သန်းနှစ်ထောင်တိုးပွားရန် နှစ်ပေါင်း ၁၂၀ ကျော်ကြာခဲ့သည်။ သန်းနှစ်ထောင်မှ သန်းသုံးထောင်တိုးပွားရန် နှစ်ပေါင်း ၃၀ ကျော်ကြာပြီး ယခုအခါ သန်းတစ်ထောင်တိုးပွားရန် ဆယ်စုနှစ်တစ်ခုကျော်သာ ကြာမြင့်တော့သည်။ ကမ္ဘာ့လူဦးရေသည် သန်းပေါင်းရှစ်ထောင်ပြည့်ပြီဟု ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကုလသမဂ္ဂက အသိပေးထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၏လူဦးရေသည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ခန့်မှန်းတွက်ချက်မှုအရ ၅၅ ဒသမ ၇ သန်းကျော်ရှိခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် ၅၉ ဒသမ ၃ သန်းကျော်ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်ကာလတွင် နိုင်ငံတကာနှင့်နှိုင်းယှဉ်ပါက လူဦးရေဆုလာဘ်ကို ရရှိနေချိန်ဖြစ်သည်။ နိုင်ငံ၏အချိုးအစားနှင့် တိုးပွားလာသောလူဦးရေသည် မျှတကောင်းမွန်သည့်အနေအထားတွင်ရှိသည်။ ထို့ကြောင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများတွင် လူငယ်လူရွယ်များ၏စွမ်းအားနှင့် အမျိုးသမီးများ၏အင်အားကို ထိရောက်စွာအသုံးချရန်လိုအပ်မည်ဖြစ်သည်။ အနာဂတ်တွင် သက်ကြီးရွယ်အိုလူဦးရေ များပြားလာမည်ဖြစ်၍ လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် အားကောင်းလာစေရန်နှင့် သက်ကြီးရွယ်အိုများအား သင့်တင့်လျောက်ပတ်သည့် အလုပ်အကိုင်များဖန်တီးပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။

ကမ္ဘာကြီးတွင် လူဦးရေအလျင်အမြန်တိုးပွားလာခြင်းသည် လူအများစု၏ ကျန်းမာရေး၊ အစာအာဟာရ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ဆေးဝါးများ တိုးတက်ကောင်းမွန်လာခြင်းကြောင့် လူ့သက်တမ်းများ ပိုမိုရှည်လာကြခြင်းဖြစ်သည်။ တစ်ဖက်တွင် နိုင်ငံအများစု၌ တန်းတူညီမျှမှုမရှိခြင်း၊ ဆင်းရဲချမ်းသာကွာဟမှု များပြားလာခြင်း၊ စားရေရိက္ခာမပြည့်စုံခြင်း၊ ရေရှားပါးပြတ်လပ်ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းနှင့် ဥတုရာသီပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသည့်အန္တရာယ်အမျိုးမျိုးတို့ကို ခံစားနေကြရသည်။ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် မွေးဖွားနှုန်းကျဆင်းခြင်းကြောင့် လုပ်သားအင်အားရှားပါးပြီး သက်ကြီးရွယ်အိုများ တိုးပွားလာ သည့်အခြေအနေများ ရင်ဆိုင်နေရသည်။ ဖွံ့ဖြိုးမှုနှေးကွေးသည့်နိုင်ငံများတွင် လူဦးရေတိုးပွားနှုန်း မြန်ဆန်လာသဖြင့် လူတို့နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရုန်းကန်နေကြရသည်။

ထို့ကြောင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကမ္ဘာမြေကိုကာကွယ်ရေးနှင့် လူသားအားလုံး၏ဘဝနှင့် မျှော်လင့်ချက်များ တိုးတက်ကောင်းမွန်လာစေရန် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အရေးယူဆောင်ရွက်နိုင်ရန် “စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များကို ကုလသမဂ္ဂက ရေးဆွဲပြဋ္ဌာန်းဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ပန်းတိုင်များကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီအောင်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို ပါဝင်အကောင်အထည်ဖော်ပြီး လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင် ဟန်ချက်ညီညီဖွံ့ဖြိုးလာအောင် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် နိုင်ငံငြိမ်းချမ်းပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုဖြစ်စေရေးရည်မှန်းပြီး “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များသို့ ရောက်ရှိနိုင်ရေးအတွက် လူငယ်ရေးရာမူဝါဒ၊ မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ စသည့်မူဝါဒများ ချမှတ်အကောင်အထည်ဖော်လျက်ရှိသည့်အပြင် ကျား-မ တန်းတူညီမျှမှုရှိစေရေး အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများကို ဖော်ဆောင်ပေးနိုင်ရန် ပန်းတိုင် (၅) ကို ဆက်လက် အကောင်အထည်ဖော်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ဖိအားပေးနှောင့်ယှက်မှုများ၊ အခက်အခဲအကျပ်အတည်းများ၊ စိန်ခေါ်မှုများကြားမှ လူဦးရေဆိုင်ရာ တိုးတက်ပြောင်းလဲလာမှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲဖော်ဆောင် ကြရမည်ဖြစ်သည်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ်တိုးပွားနေသည့် လူဦးရေဆိုင်ရာကိန်းဂဏန်း အချက်အလက်များ မှန်ကန်ရန်လိုအပ်သဖြင့် ၁၀ နှစ်တစ်ကြိမ် မဖြစ်မနေဆောင်ရွက်ရသည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေး အကြိုစမ်းသပ်ဆောင်ရွက်မှုကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ကောက်ယူမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်သည်။ သို့ဖြစ်ရာ အရေးကြီးသည့် လူဦးရေနှင့် အိမ်အကြောင်း အရာဆိုင်ရာအချက်များကို မှန်ကန်စွာကောက်ယူပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ အောင်မြင်စွာအကောင်အထည်ပေါ်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။  ။