ယခုရက်ပိုင်းအတွင်းပြုလုပ်သော မြန်မာနိုင်ငံနှင့်ပတ်သက်သည့် နိုင်ငံတကာအစည်းအဝေး အချို့တွင် သက်ဆိုင်ရာနိုင်ငံမပါဘဲ တစ်ဖက်သတ် မမျှမတဖော်ပြထားသည့် အချက်အလက်အချို့ ဆွေးနွေးပြောဆိုနေမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ရှင်းလင်းပြတ်သားစွာ အသေးစိတ် တုံ့ပြန်ပယ်ချထားသည်။ မြန်မာနိုင်ငံ၏ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ပြောဆိုမှုများကို ရှေးယခင်ကာလများမှ ယခုအချိန်ထိတိုင် ပြောဆိုနေကြဆဲဖြစ်သည်။
မြန်မာနိုင်ငံသည် သူတစ်ပါးပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ မိမိပြည်တွင်းရေးကို ပြည်တွင်း၊ ပြည်ပဥပဒေ၊ ကျင့်ဝတ်ကျင့်ထုံးများနှင့်အညီ ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဇူလိုင်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သည့် (၅၆)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် မြန်မာနိုင်ငံကိစ္စနှင့်ပတ်သက်၍ တစ်ဖက်သတ်မမျှတသည့် အချက်အလက်အချို့ကိုတွေ့ရသည်။ ဂျီနီဗာမြို့တွင် ဇွန်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ ကျင်းပခဲ့သည့် လူ့အခွင့်အရေး ကောင်စီ၏ (၅၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ကောင်စီ၏မူဝါဒများနှင့် သွေဖည် ဆောင်ရွက်ခဲ့သည်ကိုတွေ့ရသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်သည် သက်ဆိုင်ရာနိုင်ငံ၏ ငြိမ်းချမ်းသောနည်းဖြင့် စစ်မှန်သည့်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးကြိုးပမ်းမှုများနှင့် သဘောထား ရပ်တည်ချက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေး အခြေအနေကို ဖော်ပြထားသည်။ နိုင်ငံတစ်နိုင်ငံအား ပစ်မှတ်ထား၍ ပြည်တွင်းရေးကိစ္စကို ဖော်ပြမှုသည် အာဆီယံပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့် “ဝင်ရောက်မစွက်ဖက်ရေးမူ”နှင့် သွေဖည်နေသည့်အတွက် မြန်မာနိုင်ငံက မည်သည့်အခါကမျှ လက်ခံခြင်းမရှိကြောင်း ထပ်မံ ဖော်ပြထားသည်။
လူ့အခွင့်အရေးကောင်စီ၏ (၅၃)ကြိမ်မြောက် ဆွေးနွေးပွဲများနှင့် လတ်တလော ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အဆိုတို့သည် မြန်မာပြည်သူပြည်သားများအပေါ် အမုန်းစကားမြောက်ကြောင်းနှင့် ယဉ်ကျေးမှုနှင့် တိုင်းရင်းသားမျိုးစုံပါဝင်သော မြန်မာ့လူ့ဘောင်အသိုက်အဝန်းအကြား စိတ်ဝမ်း ကွဲပြားစေရန် လှုံ့ဆော်ရာရောက်ကြောင်း စိုးရိမ်ဖွယ်ရာမှတ်သားရသည်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် စေတနာကို အစဉ်တစိုက်ကြားသိကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံကို အထီးကျန်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ကို စိတ်ပျက်ဖွယ် တွေ့ရသည်။
မြန်မာနိုင်ငံကို ပျက်စီးစေရန် ကြံစည်အားထုတ်နေသည့် အထူးအစီရင်ခံစာ တင်သွင်းသူအား မြန်မာနိုင်ငံအစိုးရကို သိက္ခာချရန်ကြိုးပမ်းမှုအဖြစ် အကန့်အသတ်မရှိ စာရွက်စာတမ်းများနှင့် ဆွေးနွေးမှုများပြုလုပ်နိုင်ရန်အတွက် ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများက ဆီလျော်မှုမရှိသော လုပ်ပိုင်ခွင့်များပေးထားသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် အပြစ်မဲ့ပြည်သူ ၆၀၉၁ ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် NUG နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ လူမဆန်သော လုပ်ရပ်များကို ဖုံးကွယ်ထားသည်။ ၎င်းသည် မြန်မာနိုင်ငံ၏ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများအတွက် ဖြည့်ဆည်းပေးသည့် အစိုးရပိုင်လုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်နိုင်ရန် အဖွဲ့ဝင်နိုင်ငံများကို ထပ်မံတောင်းဆိုထားသည်။ ယင်းသည် ပြည်သူများကို ထိခိုက်စေရန်နှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးများကို ဖျက်ဆီးရန် ကြံစည် အားထုတ်မှုဖြစ်သည်။
မြန်မာ့အရေးကိစ္စသည် ပြည်တွင်းရေးသာဖြစ်ပြီး နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် မည်သည့်ခြိမ်းခြောက်မှုမျှ မဖြစ်ပေါ်စေသည့်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၅၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလတွင် အတည်ပြု၊ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများနှင့် ဆုံးဖြတ်ချက်အဆိုတို့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး(ICC)တို့အား ရည်ညွှန်းဖော်ပြမှုများကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချရ မည်သာဖြစ်သည်။ နိုင်ငံတစ်နိုင်ငံကိုဦးတည်သည့် ဆုံးဖြတ်ချက်အဆိုများနှင့် လုပ်ပိုင်ခွင့်များ၊ ၎င်းတို့၏ နောက်ဆက်တွဲ အပြန်အလှန်ဆွေးနွေးမှုများသည် သက်ဆိုင်ရာနိုင်ငံနှင့် နိုင်ငံတကာ အသိုက်အဝန်းတို့အကြား ဓမ္မဓိဋ္ဌာန်ကျသော အစီရင်ခံမှု၊ အပြုသဘောဆောင်သောဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်စေခြင်းမရှိသည့်အတွက် မြန်မာနိုင်ငံက အစဉ်တစိုက် ဆန့်ကျင်နေခြင်း ဖြစ်သည်။
သို့ဖြစ်ရာ အစီရင်ခံစာများနှင့် နိုင်ငံအချို့၏ မိန့်ခွန်းများတွင်ပါဝင်သည့် အခြေအမြစ်မရှိသော စွပ်စွဲချက်များနှင့် ဝင်ရောက်ပြောဆိုချက်များကို မြန်မာနိုင်ငံကပယ်ချပြီး အစည်းအဝေးများတွင် မိတ်ဆွေနိုင်ငံများ၏ မျှတပြီး အပြုသဘော ဆောင်သော ပြောကြားချက်များကို ကျေးဇူးတင်ရှိရမည် ဖြစ်သည်။ ဆုံးဖြတ်ချက် အဆိုကို အတည်ပြုချမှတ်ရာတွင် ပါဝင်ပတ်သက်ခြင်းမပြုသော နိုင်ငံများနှင့် မြန်မာနိုင်ငံ အတူရပ်တည်လျက်ရှိပြီး မြန်မာနိုင်ငံအား အခြေအမြစ်မရှိသောစွပ်စွဲ ချက်များနှင့် ဝင်ရောက်စွက်ဖက်နှောင့်ယှက်မှုမှန်သမျှကို ပြင်းထန်စွာကန့်ကွက် ပယ်ချ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ ။