Skip to main content

စည်းလုံးညီညွတ်စွာ ကြိုးပမ်းအားထုတ်

မြန်မာလူမျိုးတို့၏ စရိုက်လက္ခဏာ (National Characteristic) သည် တစ်ဦးချင်း အလွန်လွတ်လွတ်လပ်လပ်နေလို၍ မိမိသဘောအရသာ(Individualistic) နေသွားလိုကြသည်။ ထိုစရိုက်သဘာဝကြောင့်ပင် ခိုင်မာစွမ်းပကားရှိသည့် ခေါင်းဆောင်များမရှိသည့်အခါ မြန်မာတို့သည် ညီညွတ်စည်းလုံးမှု လုံးဝမရှိဘဲ ဝါးအစည်းပြေသလို သူတစ်လူ ငါတစ်မင်းသာ နေထိုင်ခဲ့ကြသည်ကို တွေ့ရကြောင်း သုတေသီပညာရှင်တစ်ဦးက ဆိုမိန့်ထားသည်။

ဒုတိယကမ္ဘာစစ်ပြီးကာလ နယ်ချဲ့တို့၏ အင်ပါယာကြီးများ ပြိုလဲအံ့ဆဲဆဲတွင် တစ်ချိန်က နယ်ချဲ့လက်အောက်ခံနိုင်ငံများ လွတ်လပ်ရေးရယူရန် ပြင်ဆင်ကြသည်။ ဒုတိယကမ္ဘာစစ်ကြီး အပြီး လွတ်လပ်ရေးအကြိုကာလ အိန္ဒိယနှင့် မြန်မာတို့၏ သမိုင်းများကို စေ့စပ်စွာလေ့လာလျှင် နယ်ချဲ့တို့၏ ကောက်ကျစ်စဉ်းလဲမှုများကို တွေ့မြင်နိုင်သည်။ နယ်ချဲ့တို့၏စနက်ကြောင့် အိန္ဒိယမှ ပါကစ္စတန်ခွဲထွက်ခဲ့ရာ အတိတ်ကာလက အတူနေထိုင်ခဲ့ကြသူများအကြား သွေးချောင်းစီး တိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ခဲ့သလို ယခုချိန်အထိ တစ်ယောက်ခြေကို တစ်ယောက် စောင့်ကြည့်နေရသည့် ပြိုင်ဘက်များ ဖြစ်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ တောင်တန်းနှင့် ပြည်မသွေးခွဲခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း၏ဦးဆောင်မှုကို လက်ဟောင်းနိုင်ငံရေးသမားအုပ်စု၊ အလံဖြူကွန်မြူနစ်အုပ်စု၊ အလံနီကွန်မြူနစ်အုပ်စု စသည့် လက်ယာ လက်ဝဲ နိုင်ငံရေးသမားအုပ်စုကွဲများက နည်းအမျိုးမျိုးဖြင့် ကန့်လန့်တိုက်နှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြသည်။ အခွင့်အရေးရှာသည့် လက်ဟောင်းနိုင်ငံရေးသမားအုပ်စုက ဗြိတိသျှ ပါလီမန်အထိ လိုက်လံနှောင့်ယှက်ခဲ့ကြသကဲ့သို့ ကွန်မြူနစ်တို့ကလည်း ပြည်တွင်း၌ ကျောင်းသားများ၊ လယ်သမားများကို သွေးထိုးလှုံ့ဆော်ခြင်း၊ ဆန်လုပွဲများဖြစ်စေရန်၊ လယ်ခွန်၊ လယ်သီးစားခများ၊ အမတော်ကြေးများ မပေးဆောင်ရန်၊ ပြန်မဆပ်ရန် မြှောက်ပင့်ပေးခြင်းတို့ဖြင့် တိုင်းပြည် ဆူဆူပူပူဖြစ်အောင်၊ မတည်မငြိမ်ဖြစ်အောင် အနှောင့်အယှက် ပြုခဲ့ကြသည်။

နိုင်ငံနှင့်လူမျိုးတို့ လွတ်လပ်ရေးရရန် လက်တစ်ကမ်းမျှအလိုတွင် နယ်ချဲ့ကို အတူတကွ၊ တညီတညွတ်တိုက်ပွဲဝင်ကြရမည့်အစား အာဏာကို ရလိုမှုအတွက် အချင်းချင်းပြန်၍ အတိုက်အခိုက်ပြုလုပ်ခဲ့ကြခြင်းမှာ အံ့ဩဖွယ်ပင်ဖြစ်သည်။ အမျိုးသား ခေါင်းဆောင်ကြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏နောက်တွင် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နှင့် ယုံယုံကြည်ကြည် လိုက်ပါခဲ့ကြခြင်းကြောင့်သာ လက်ဝဲလက်ယာ အဖျက်သမားတို့၏ အနှောင့်အယှက်၊ အဟန့်အတားများကို ကျော်လွှားနိုင်ခဲ့ပြီး နိုင်ငံနှင့်လူမျိုးတို့ အချုပ်အခြာအာဏာပိုင် လွတ်လပ်သောဘဝသို့ ရောက်ရှိခဲ့ကြရခြင်းဖြစ်သည်။

မိမိတို့မျိုးဆက်များ၏လက်ထက် ခေတ်ပြိုင်ကမ္ဘာတွင် စည်းလုံးညီညွတ်မှုက ပို၍ပင်လိုအပ်သည်။ နယ်ချဲ့စနစ်သည် ဒုတိယကမ္ဘာစစ်အပြီးတွင် ချုပ်ငြိမ်းသွားခဲ့သော်လည်း ကမ္ဘာ့နိုင်ငံရေးတွင် အမျိုးသားအကျိုးစီးပွားအတွက် အုပ်စုဖွဲ့မှုများ၊ ကြီးနိုင်ငယ်ညှဉ်း အနိုင်ကျင့်မှုများကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်ရာ မိမိတို့၏ ပြည်တွင်းအင်အားကို ခိုင်ခိုင်မာမာတောင့်တောင့်တင်းတင်း တည်ဆောက်ထားနိုင်ရန် လိုအပ်သည်။ ယင်းသို့ တည်ဆောက်ရာတွင် စီးပွားရေးသည် အခြေခံကျသော အင်အားဖြစ်ရာ စီးပွားရေးခိုင်မာတောင့်တင်းအောင် အလုပ်လုပ်ဖို့လိုသည်။

ကျွန်တော်တို့ ဒီတိုင်းပြည်မှာ လွတ်လပ်တဲ့အခါမှာလည်း ယိုးဒယားပြည်လို ဖြစ်ချင်သလား၊ တူရကီပြည်လို ဖြစ်ချင်သလား၊ အိုင်ယာလန်ပြည်လို ဖြစ်ချင်သလား၊ ယူနိုက်တက်စတိတ် အမေရိကန်လို ဖြစ်ချင်သလား၊ အင်္ဂလိပ်ပြည်လို ဖြစ်ချင်သလား၊ ဆိုဗီယက်ယူနီယံလို ဖြစ်ချင်သလား။ ဖြစ်ချင်တာတွေအပေါ်မှာ မှီပြီးတော့ ခင်ဗျားတို့ အလုပ်မလုပ်ဘဲနဲ့တော့ ဖြစ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်ပြောပြချင်တယ်၊ အလုပ်မလုပ်ဘဲနဲ့တော့မဖြစ်ဘူး။ ဟူ၍ ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်းပါ မှာကြားချက်မှာ မိမိတို့နိုင်ငံ ကမ္ဘာ့အလယ်တွင် တင့်တယ်ဝင့်ကြွား နိုင်ရေးအတွက် အဓိကလိုအပ်ချက်ပင်ဖြစ်သည်။ စည်းလုံးညီညွတ်ခြင်း၊ နိုင်ငံ့စီးပွားတိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းအားထုတ် အလုပ်လုပ်ခြင်းဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အားသုံးရပ် တောင့်တင်းသောနိုင်ငံအဖြစ် ရပ်တည်နိုင်ရေးသည် မိမိတို့ မျိုးဆက်များ၏ တာဝန်ပင်ဖြစ်ပါကြောင်း။ ။