နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်တွင် ပြည်တွင်း၊ ပြည်ပမှစိန်ခေါ်မှုများ၊ ဖိအားပေးအကျပ်ကိုင်မှုများ၊ နှောင့်ယှက်ဖျက်ဆီးမှုများ ရှိနေသော်လည်း အားလုံးတက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ကြသောကြောင့် တည်ငြိမ်အေးချမ်းမှုနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုတို့ကို အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သည်။
၂၀၂၀-၂၀၂၁ ခုနှစ်တွင် နိုင်ငံ့စီးပွားရေး ကျဆင်းခဲ့သည့်အခြေအနေမှ ပြန်လည် ဦးမော့လာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံတော်၏စီးပွားရေးသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ၃ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လေးရာခိုင်နှုန်းတိုးတက်မည်ဟု မျှော်မှန်းထားသည်။ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို မျှော်မှန်းထားသည့်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင် မည်ဆိုပါကနိုင်ငံ့စီးပွားရေး ထပ်မံတိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
နိုင်ငံတော်၏ ဘဏ္ဍာငွေရရှိမှုတွင် သာမန်ရငွေများ၊ ချေးငွေများနှင့်ထောက်ပံ့ငွေများဟူ၍ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်ယူပြီးနောက်ပိုင်းတွင် ချေးငွေများ လုံးဝချေးယူခြင်းမရှိဘဲ ပြည်ပအထောက်အပံ့ငွေအနေဖြင့် ၂၀၂၂ ခုနှစ်နောက်ပိုင်းမှသာ အနည်းငယ်ရရှိခဲ့သည်။ ထိုအခြေအနေတွင် နိုင်ငံ့ စီးပွားရေးကို အတိုင်းအတာတစ်ခုအထိ တိုးတက်လာအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ပြည်တွင်းအင်အားဖြင့် စီးပွားရေးတိုးတက်လာအောင် ဆောင်ရွက်နိုင်ခြင်းဖြစ်သည်မှာ ပေါ်လွင်ပေသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိတို့တာဝန်ယူချိန်တွင် သယံဇာတရောင်းချခြင်းကို အတတ်နိုင်ဆုံးထိန်းထားကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေးသည် ပြီးခဲ့သည့်ကာလများအတွင်း အထိုက်အလျောက်တိုးတက်မှုရှိခဲ့ပြီး ဆက်လက်၍လည်း တိုးတက်မှုရှိမည်ဟု ခန့်မှန်းထားကြောင်း”ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ပြည်တွင်းဘဏ္ဍာငွေနှင့် စီးပွားရေးအခြေအနေသည် ပြည်တွင်း အင်အားအပေါ်၌သာ လုံးဝတည်မှီနေသည်ကို လက်တွေ့မြင်တွေ့ကြရမည်ဖြစ်သည်။ ယခင်ကလည်း ပြည်တွင်းအင်အားကိုသာ အဓိကမှီခိုအားထား၍ နိုင်ငံ့စီးပွားတိုးတက်ရေးကို ဆောင်ရွက်ခဲ့သည်။ မျက်မှောက်ကာလတွင်လည်း ပြည်တွင်းအင်အားဖြင့်ပင် နိုင်ငံ့စီးပွားတိုးတက်လာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများလက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် တိုးတက်မှုများရှိလာသည်မှာမငြင်းနိုင်ပေ။ နိုင်ငံတော်အနေဖြင့် ဘဏ္ဍာငွေလိုအပ်ချက်မရှိသကဲ့သို့ နိုင်ငံအတွင်းလည်ပတ်သုံးစွဲငွေများ မျှတစွာရှိနေသည်။ ပုံမှန်လည်ပတ်မှုအခြေအနေရှိနေသည်။
သို့သော် မြန်မာနိုင်ငံအပေါ် မလိုတမာဖြစ်နေသူများ၊ ဖျက်လိုဖျက်ဆီးလုပ်လိုသူများက နိုင်ငံ့စီးပွားကျဆင်းနေသယောင်၊ ဘဏ္ဍာရေးအခြေအနေ ပြိုလဲသွားနိုင်သယောင် မဟုတ်မမှန်သတင်းများထုတ်လွှင့်၍ နိုင်ငံရေးအရထိုးနှက်တိုက်ခိုက်မှုများကို တစိုက်မတ်မတ်ပြုလုပ်နေကြသည်။ တစ်ဖက်တွင် အကြမ်းဖက်အဖျက်သမားများက နိုင်ငံတော် ပျက်စီးရာပျက်စီးကြောင်း၊ ပြည်သူများလုံခြုံအေးချမ်းမှု ပျက်ပြားရာပျက်ပြားကြောင်း အကြမ်းဖက်အဖျက်လုပ်ရပ်များ၊ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်နှိပ်စက်မှုများ ပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေးနှင့် တိုင်းပြည်စီးပွားမြင့်မားတိုးတက်ရေးအတွက် အဘက်ဘက်တွင် မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူများ၏လူမှုစီးပွားဘဝ တိုးတက်မြင့်မားလုံခြုံ ချောမွေ့ရေးလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်လက်တွဲပူးပေါင်း၍ တက်ညီလက်ညီ ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် လေးစားစွာဖြင့်တိုက်တွန်းအပ်ပါကြောင်း။ ။