မြန်မာနိုင်ငံတွင် အခြေခံစားသောက်ကုန်ပစ္စည်းများအပါအဝင် အများပြည်သူ စားဝတ်နေရေး လိုအပ်ချက်အားလုံးတို့နှင့် ပတ်သက်သည့် ကုန်ပစ္စည်းဈေးနှုန်းများ တစ်နေ့တခြားမြင့်မားနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများ စားဝတ်နေရေးပြေလည်မှုကို ရှေးရှုလျက် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။
ကော်မတီသည် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ စသည့် မီးဖိုချောင်သုံးပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်ရန်၊ အခြေခံစားကုန်ပစ္စည်းတစ်မျိုးစီ၏ ပြည်တွင်း စားသုံးရန်လိုအပ်ချက်နှင့် ပြည်တွင်း ထုတ်လုပ်နိုင်မှုပမာဏတို့ကိုချိန်ဆ၍ ညီညွတ်မျှတစေရေး စိစစ်ဆောင်ရွက်ရန်၊ ဒေသများအလိုက် ကုန်ဈေးနှုန်းများတည်ငြိမ်စေရန် လိုအပ်သောပေါင်းစပ်ညှိနှိုင်း မှုများအတွက် အဖွဲ့အစည်းများ ဖွဲ့စည်းတာဝန်ပေးရန်နှင့် ကုန်ပစ္စည်းများထွက်ရှိ ရာဒေသများမှ စားသုံးသည့်ဒေသများသို့ သယ်ဆောင်ရာတွင် သယ်ယူစရိတ်ကြီးမြင့်ခြင်း၊ ကြားအဆင့်များပြားခြင်း၊ သယ်ယူရာတွင် လမ်းခရီး၌ မလိုအပ်ဘဲ ထိန်းချုပ်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်သည်။
ထို့အပြင် ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးနှင့် လုံလောက်စွာဝင်ရောက်ရေး၊ အဝင်အထွက် မှန်ကန်ရေးတို့ကို ညှိနှိုင်းပေါင်းစပ်ပေးရန်၊ အခြေခံစားသောက်ကုန် ပစ္စည်းများထုတ်လုပ်မှု တိုးချဲ့နိုင်ရေးအတွက် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ညှိနှိုင်းဖြည့်ဆည်းပေးရန်နှင့် အခြေခံစားကုန်ပစ္စည်းများကို ကုန်ဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေမည့်ကိစ္စအရပ်ရပ်တို့ကို ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန်၊ လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍတို့၌ ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးအတွက် လိုအပ်သည့်ပံ့ပိုးမှုများပေးခြင်း၊ တစ်နိုင်စိုက်ပျိုးမွေးမြူရေးတို့ကို အားပေးခြင်း စသည့်နည်းလမ်းများဖြင့် ဆွဲဆောင်မှုပေးရန်နှင့် ဒေသအလိုက်အစိုးရအဖွဲ့များက ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာအောင် နည်းလမ်းရှာပြီး အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်အချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေသည်ဖြစ်သော်လည်း အများပြည်သူ အကျိုးစီးပွား လိုအပ်ချက်အရ အခြေခံကျသည့် လက်ငင်းဖြစ်ပေါ် နေသော အခြေအနေအရပ်ရပ်ကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် အစိုးရက ပါဝင်ကူညီထိန်းညှိဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်ဖြစ်သည်။ လုပ်ငန်းစဉ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဦးစားပေး ဆောင်ရွက်မည်ဖြစ်ပြီး ကုန်ဈေးနှုန်းတည်ငြိမ်မှုပျက်ပြားစေမည့်ကိစ္စရပ်များကို ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်သွားမည်ဟူသောအချက်နှင့် သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံ စားသောက်ကုန်နှင့် ဆေးဝါးများ ဈေးနှုန်းမြင့်တက်ခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်း ပစ္စည်းများ ပြတ်လပ်မှုမဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက် ထားရန်အချက်များမှာ အရေးကြီးသည့် အဓိကအချက်များဖြစ်သည်။
လက်ရှိကာလတွင် ကုန်စည်ဈေးနှုန်းများမှာ အရှိန်အဟုန်ဖြင့် မြင့်မားလျက်ရှိရာ အမြင့်ဆုံး အခြေအနေသို့ ရောက်နေပြီဟု ဆိုရမည်ဖြစ်သည်။ အခြေခံ စားသောက်ကုန်ပစ္စည်းများသာမက လူသုံးကုန်ပစ္စည်းအသေးအမွှားမှ စက်သုံးဆီ၊ ရွှေ၊ နိုင်ငံခြားငွေများနှင့် အိမ်ခြံမြေ၊ တိုက်တာအဆောက်အအုံ၊ မော်တော်ယာဉ်အဆုံး တန်ဖိုးမြင့်ပစ္စည်းအားလုံး အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိနေသည်။ လူမှုစီးပွားဘဝတွင် အရာအားလုံးတို့သည် အကြောင်းအကျိုး ဆက်စပ် ဖြစ်ပေါ်နေသည်။ မြစ်ရေစီးကြောင်းကဲ့သို့ အရာအားလုံးတို့သည် လိုက်ပါစီးမျောကြသည်။ ကုန်စည်ပစ္စည်းများသည် ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းများဖြစ်ပေါ်ခြင်းမှာ အကြောင်း ဖြစ်သော်လည်း အကြောင်းမရှိ မဖြစ်သင့်မဖြစ်ထိုက်သော ဈေးနှုန်းမြှင့်တင်ခြင်း၊ ဈေးကစားခြင်း၊ ဈေးကွက်များတွင် ပစ္စည်းများပြတ်လပ်အောင်ဖြစ်ပေါ်နေမှုများကို ဆင်ခြင်သတိထား ဆောင်ရွက်ကြရမည်ဖြစ်သည်။
ဈေးနှုန်းအရပ်ရပ် မြင့်တက်လာခြင်းသည် အခြေခံကျသည့် စက်သုံးဆီ၊ ရွှေ၊ ငွေကြေးတို့ကို အကြောင်းခံသော်လည်း မတော်လောဘများဖြင့် အရပ်ရပ်ဆိုင်ရာ တို့တွင် ဈေးကစားခြင်း၊ ဈေးမြှင့်တင်ခြင်းတို့မှာ မဖြစ်သင့်ပေ။ သဘာဝကျသည့် တန်ဖိုးဖြတ်ကိန်းဂဏန်းသတ်မှတ်ချက်များနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများကို သမ္မာအာဇီဝစိတ်ထားဖြင့် ဝိုင်းဝန်းထိန်းညှိ ဆောင်ရွက်ကြခြင်းအားဖြင့် အများပြည်သူအကျိုးစီးပွားကို ကြီးကြီးမားမားမထိခိုက်စေဘဲ လျော်ကန်သင့်မြတ်သော လူမှုစီးပွားဘဝများကို ဆောင်ကြဉ်းပေးနိုင်ကြစေရန် အဓိကလိုအပ်မည် ဖြစ်ပါကြောင်း။ ။