၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခြင်းမရှိသည့်အပြင် နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ကြိုးပမ်းခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် တည့်မတ်ခိုင်မာစေရေးအတွက် နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းရယူထမ်းဆောင်ခဲ့သည်။ ထိုအခါ CRPH၊ NUG နှင့် PDF အဖွဲ့များကို တရားမဝင်ဖွဲ့စည်းပြီး လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ဖြစ်ပေါ်လာသည်။
ပြည်တွင်း၌ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် EAO အဖွဲ့အချို့၏ ကူညီအားပေးမှု၊ ထောက်ပံ့မှုများကိုရယူ၍ လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်များကို လုပ်ကိုင်ခဲ့ကြသည်။ တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိစေရေး ယခင်ကတည်းက ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး NCA လမ်းကြောင်းပေါ်တွင်အခြေခံ၍ မျက်ခြည်မပြတ်ဆောင်ရွက်ခဲ့သည်။ သို့သော် အချို့သော EAO အဖွဲ့များအနေဖြင့် NCA သဘောတူညီချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ တည်ငြိမ်မှုပျက်ပြားအောင် လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းကြောင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ ပိုမိုဆိုးရွားစွာဖြစ်ပေါ်လာခဲ့သည်။
အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုများကြောင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ ရဟန်းသံဃာနှင့် သီလရှင်လေးပါး၊ အပြစ်မဲ့ပြည်သူ ၇၇၂ ဦးနှင့် နိုင်ငံ့ဝန်ထမ်း ၂၈ ဦး သေဆုံးခဲ့သည်။ အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် ကျန်းမာရေးဆိုင်ရာအဆောက်အအုံတစ်လုံး၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၁ လုံး၊ လူနေအဆောက်အအုံ ၇၆ လုံး၊ လမ်းတံတားနှင့် တိုးဂိတ်အဆောက်အအုံ ၉၄ ခု၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးတာဝါတိုင် ၂၆ ခုအပါအဝင် အခြားအဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ ထိုကာလမတိုင်မီ ယခင်နှစ်များကလည်း အပြစ်မဲ့ပြည်သူအမြောက်အမြားနှင့် အဆောက်အအုံများစွာတို့ကို သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းများပြုလုပ်ခဲ့သည်။ ယခုအခါ အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းလာသော်လည်း ဆက်လက်ရှိနေသေးသည်။
ထို့ကြောင့် “အကြမ်းဖက်ဖြစ်စဉ်များအားလုံးချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ်လ ၇ ရက် နေ့တွင် ကျင်းပသော အသစ်ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအား တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ပထမအချက်တွင် “ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံ ရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်”ဟု ဖော်ပြထားသည်။
ရှေ့လုပ်ငန်းစဉ်၏ နောက်ဆုံးအချက်တွင် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟူသည့်အချက် ဖော်ပြထားသည်။ အဆိုပါအချက်သည် တိုင်းရင်းသားပြည်သူအားလုံး လိုလားသည့် မျှော်လင့်ချက်ဖြစ်သည်။ နိုင်ငံတော်က ကျင့်သုံးလျက်ရှိသော ဒီမိုကရေစီစနစ်၏ ပန်းတိုင်လည်းဖြစ်သည်။ ယင်းကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန်အတွက် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးဆုံးဖြစ်သည်။
မြန်မာနိုင်ငံနှင့်အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံများတွင် ရွေးကောက်ပွဲများကျင်းပ၍ အနိုင်ရသည့်ပါတီအား နိုင်ငံ့တာဝန်လွှဲပြောင်းပေးနိုင်ရေး လုပ်ဆောင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် စိန်ခေါ်မှုများရှိသော်လည်း အောင်မြင်အောင် ကျင်းပနိုင်ခဲ့ခြင်းမှာ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို အစိုးရနှင့်အဖွဲ့အစည်းများ၊ ပြည်သူများက လေးစားလိုက်နာခဲ့သောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် လျက်ရှိသော်လည်း ရည်မှန်းချက်သို့ မရောက်နိုင်သေးသည်မှာ တည်ငြိမ်အေးချမ်းမှု နှင့်တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာမှုအားနည်းသည်မှာ ပေါ်လွင်နေသည်။
သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးဖြစ်သည်ကို အတိအလင်းပြောကြားထားပြီးဖြစ်ရာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် နိုင်ငံတော်နှင့်အတူ ပြည်သူအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်