Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်း ဥက္ကဋ္ဌများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့သို့တွေ့ဆုံစဉ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌ နိုင်ငံတော်၏အခြေအနေအရ ထပ်မံသက်တမ်းတိုးမြှင့်ထားသည့်ကာလအတွင်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဆောင်ရွက်သင့်သည်များကို ဆွေးနွေးနိုင်ရေး ယခုကဲ့သို့ တွေ့ဆုံခြင်းဖြစ်ကြောင်း၊ အစိုးရတစ်ရပ်၏တာဝန်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်ဖြစ်ပြီး လက်တွေ့ကျသည့်စီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ချိန်တွင် နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးပဋိပက္ခများကို ဥပဒေနှင့်အညီသာ ဖြေရှင်းဆောင်ရွက်ခဲ့ပြီး နိုင်ငံရေးအရဖြစ်ပေါ်လာသည့် အခြေအနေများကြောင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရကြောင်း။

ပညာရည်မြင့်မားတိုးတက်မှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်မှစ၍ ပညာရည်မြင့်မားရေးကိစ္စရပ်များကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအားလုံး၌ စာသင်ကျောင်းများအားလုံး ဖွင့်လှစ်သင်ကြားနိုင်ပြီး ဗလငါးတန်နှင့် ပြည့်စုံသည့်လူငယ်များကိုမွေးထုတ်ပေးနိုင် ရန်လိုကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ အခြေခံပညာအထက် တန်းကျောင်းများ၊ အဆင့်မြင့်ပညာသင်ကျောင်းများနှင့် ပညာသင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် စင်တာများအားလုံး၌ ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ မိဘနှင့်ဆရာများသာမက အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ဝိုင်းဝန်းဆောင်ရွက် ပေးရန်လိုကြောင်း။

ပညာသင်ကြားရေးတွင် ဆရာ၊ ဆရာမများ၏အခန်းကဏ္ဍမှာ အလွန်ကျယ်ပြန့် ပြီးအဓိကကျသဖြင့် ဆရာ၊ ဆရာမများ၏ နေထိုင်စားသောက်မှုများ အဆင်ပြေစေရေးအတွက် နိုင်ငံတော်မှတတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်နှင့်မြို့နယ်များအလိုက်လည်း တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ ယခင်က ပညာရေးစနစ်၏အားနည်းမှု၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အားနည်းမှုများရှိခဲ့ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးမှာ အားနည်းချက်များရှိခဲ့ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ်စာတတ်မြောက်စေရေး ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားပေးရန်လိုသကဲ့သို့ အခြားလိုအပ်သော မှန်ကန်သည့်တွေးခေါ်မှုနှင့် အသိအမြင်များ ရရှိရေးအတွက်လည်း သင်ကြားပေးရန်လိုကြောင်း။

ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ထပ်မံတိုးချဲ့ဖွင့်လှစ်ထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာ ဘာသာရပ်များကို သင်ကြား တတ်မြောက်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ကြားပြီးချိန်တွင် ၎င်းတို့၏ဘဝတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ၏ကုန်ထုတ်လုပ်မှုကို အထောက်အကူပြုစေမည့် လူသားအရင်းအမြစ်များကိုလည်း ရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း။

ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ GDP မှာ အာဆီယံနိုင်ငံများနှင့်နှိုင်းယှဉ်ပါက နည်းပါးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကဆောင်ရွက်သည့် နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော သေချာခိုင်မာသည့် ကုန်ထုတ်လုပ်မှုများကိုဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများကိုထိရောက်စွာ အကျိုးရှိရှိအသုံးချရန်လိုကြောင်း၊ ပြည်သူများအလုပ်အကိုင်အခွင့်လမ်းများရရှိပြီး လူမှုစီးပွားဘဝများတိုးတက်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူနည်းစု၏အကျိုးစီးပွားထက် လူအများစု၏အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပိုမိုအားပေးဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် မိမိတို့ဒေသအလိုက် စိုက်ပျိုးရေးကဏ္ဍ၊ သားငါးကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများ တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်နေချိန်ကာလအတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း။

မြေယာအသုံးချမှုကိစ္စရပ်များနှင့်ပတ်သက်၍ စိုက်ပျိုးမြေများ ထိခိုက်လျော့နည်းမှုမရှိအောင်ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် အသုံးပြုခြင်းများမရှိစေရေး ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်ကြပ်မတ်မတ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း။

နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းများစနစ်တကျလည်ပတ်ဆောင်ရွက်နေရန်လိုကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများအောင်မြင်မှုရှိစေရေး ကြပ်မတ်ကွပ်ကဲဆောင်ရွက်နေရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့်လည်း ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ပေးရန်လိုပြီး နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ အားလုံးလည်ပတ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်း။

MSME ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့်ကုန်ကြမ်းအတွက် သေချာခိုင်မာသည့်ဒေသတွင်းနှင့် ပြည်တွင်းမှထွက်ရှိသော ကုန်ကြမ်းများကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အဓိကထားဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာကာ ဒေသ၏လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း၊ ထို့ကြောင့်ဒေသအလိုက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်သည့် ခရီးသွားလုပ်ငန်းသည်လည်း မီးခိုးမထွက်သည့် စက်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ဒေသတွင်းသို့ ပြည်တွင်း၊ ပြည်ပမှခရီးသွားများဝင်ရောက်ခြင်းဖြင့် ဒေသအကျိုးစီးပွားကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သောကြောင့် အားပေးမြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ကြောင့်ဒေသအလိုက် သန့်ရှင်းသာယာလှပမှုရှိစေရေး၊ တည်းခိုနေထိုင်ရေး၊ ဒေသအစားအစာများ၊ ဒေသထွက်လက်ဆောင်ပစ္စည်းများ ရောင်းချနိုင်ရေး၊ ဝန်ဆောင်မှုအပြည့် အဝပေးနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားရန်လိုကြောင်း၊ အလားတူအထည်ချုပ်လုပ်ငန်းများသည်လည်း အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖြစ်ပေါ်စေနိုင်ကာ တစ်ဦးချင်းစီ၏ ဝင်ငွေကိုတိုးတက်စေနိုင် သည်ဖြစ်သောကြောင့် အားပေးဆောင်ရွက်သွားရန်လိုကြောင်း။

အလုပ်အကိုင်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ပြည်ပသို့သွားရောက်လုပ်ကိုင်မှုများ များပြားလျက်ရှိခြင်းကြောင့် နိုင်ငံအတွင်းရှိ အချို့နေရာဒေသများတွင် လုပ်သားအင်အားရှားပါးမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများကို အားပေးဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံသားများအား မိမိတို့၏နိုင်ငံတွင်း၌ပင် နိုင်ငံတော်၏အရိပ်အာဝါသအောက်၌ လုံခြုံစွာဖြင့် အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဖော်ဆောင် ပေးနိုင်ရမည်ဖြစ်ကြောင်း။

အခွန်ဆောင်မှုနှင့်ပတ်သက်၍ အခွန်ရှောင်မှုများမရှိစေရေး တာဝန်ရှိသူများအနေဖြင့်စနစ်တကျ စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ မြေများဈေးကစား မှုမရှိစေရေးနှင့် စနစ်တကျရှိစေရေး လယ်ယာမြေဥပဒေဖြင့် ကြပ်မတ်ဆောင်ရွက်နေ ရန်လိုကြောင်း၊ နိုင်ငံ့ဝင်ငွေတိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ မြင့်မားတိုးတက်စေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အားလုံးအနေဖြင့် အမှန်တကယ်အောင်မြင်မှုရှိစေရေး၊ နိုင်ငံတော်နှင့် ပြည်သူပြည်သားတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ရေး လက်တွေ့ကျကျဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် တိုင်းဥက္ကဋ္ဌများက ဒေသအလိုက်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ကောင်စီဝင်ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက စိုက်ပျိုးရေးလုပ်ငန်း များအတွက် လိုအပ်သည့်ဓာတ်မြေဩဇာများ တင်သွင်းပေးလျက်ရှိမှုကို ရှင်းလင်းတင်ပြသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးများက နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိစိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ ရင်းနှီးမြှုပ်နှံမှုချေးငွေများ ထုတ်ချေးပေးထားမှု၊ ရာဘာနှင့်ဆီအုန်း စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးသုတေသန လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ သမဝါယမအသင်းများဖွဲ့စည်း ဆောင်ရွက်ပေးလျက်ရှိမှု၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရေးဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ကုန်သွယ်မှုနှင့်ပတ်သက်၍ တရားမဝင်ကုန်သွယ်မှုများတိုက်ဖျက်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နယ်စပ်ကုန်သွယ်မှုများ၌ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံ့ဝင်ငွေများကို ထိခိုက်နစ်နာစေလျက်ရှိကြောင်း၊ ပြည်ပသို့ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် တရားဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ဥပဒေကိုဖောက်ဖျက်ဆောင်ရွက်မှုများကို ဖော်ထုတ်အရေးသွားယူရန်လိုကြောင်း။

မိမိတို့နိုင်ငံ၏ ဆင်းရဲမွဲတေမှုရာခိုင်နှုန်းကို လျှော့ချနိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ ကျေးလက်ဒေသတွင် နေထိုင်သူများပြားပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ကြကြောင်း၊ တစ်ဦးချင်းဝင်ငွေများပြားမှသာ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ဒေသစီးပွားရေးတိုးတက်စေရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်ရာတွင် စာရင်းဇယားများ၌ တိုးတက်ခြင်းထက် လက်တွေ့တိုးတက်မှုရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များအားလုံးက ဝိုင်းဝန်းတွန်းအားပေးဆောင်ရွက်ကြရန်လိုကြောင်း။

ပညာရေးနှင့်ပတ်သက်၍ ယခုပညာသင်နှစ်တွင် ကျောင်းတက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အားလုံး ပညာရေးဆုံးခန်းတိုင်သည်အထိ ပညာသင်ကြားနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှုများ တိုးတက်စေရေး၊ ကျောင်းနေရာခိုင်နှုန်းမြင့်မားလာရေး ဝိုင်းဝန်းဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံအတွက်လိုအပ်လျက်ရှိသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုနည်းပညာ ဘာသာရပ်များကိုသင်ကြားသည့် ကျောင်းသား၊ ကျောင်းသူများတိုးတက်လာရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ အနာဂတ်အတွက် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များမွေးထုတ်ပေးနိုင်ရေး ဆရာ၊ ဆရာမများ သာမက မိဘများနှင့်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။