Skip to main content

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်

နေပြည်တော် ဇူလိုင် ၂

၂၀၂၆ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး ဒေါ်နန်းကူးကူ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အမှာစကားပြောကြားရာတွင် ယနေ့ မိမိတို့နေထိုင်သည့် ကမ္ဘာမြေအဝှမ်းတွင် နေ့စဉ်နှင့်အမျှ ရင်ဆိုင်ကြုံတွေ့နေကြရသည့် ပြဿနာသည် ရာသီဥတု ပြောင်းလဲဖောက်ပြန်ခြင်း၊ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်း အစရှိသည့်ကြီးမားသော သဘာဝဘေးအန္တရာယ်ပင်ဖြစ်ကြောင်း၊ အဆိုပါသဘာဝဘေးအန္တရာယ်များကို တားဆီးကာကွယ်ရန်နှင့် ပြန်လည်ကုစားရန်အတွက် အရိုးရှင်းဆုံးနည်းလမ်းသည် သစ်ပင်များစိုက်ပျိုးရန်နှင့် သစ်တောများကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်မည်ဖြစ်ကြောင်း။

သစ်ပင်သစ်တောများသည် သက်ရှိသတ္တဝါများကို အဆိပ်အတောက်ဖြစ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို ဖယ်ရှားသန့်စင်ပေးပြီး သက်ရှိသတ္တဝါများ အသက်ရှင်ရပ်တည်နေနိုင်ရန်အတွက် များစွာအရေးပါသည့် အောက်ဆီဂျင်ကိုလည်း ထုတ်လွှတ်ပေးနေသည့်အပြင် ရာသီဥတုမျှတစေရန်၊ မြေဆီလွှာပျက်စီးမှု လျော့ပါးစေရန်၊ ရေကြီးရေလျှံမှုများကို ကာကွယ်ပေးရန်စသည့် သဘာဝဘေးအန္တရာယ်များ လျော့ပါးစေရေးအတွက်လည်း ကြီးမားသည့်အခန်းကဏ္ဍက ပါဝင်လျက်ရှိသည်ကို အားလုံး သိရှိထားရန်လိုကြောင်း။

မိမိတို့ ဗုဒ္ဓဘာသာအရ သစ်ပင်စိုက်ပျိုးခြင်းသည် မွန်မြတ်သည့်ကုသိုလ်တစ်ပါးဖြစ်ပြီး ထာဝရကုသိုလ် သို့မဟုတ် နိစ္စကုသိုလ် (နေ့စဉ်အကျိုးပေးတဲ့ ကုသိုလ်) ဟု ခေါ်ဆိုနိုင်ခြင်းဖြစ်သည့်အတွက် ထူးကဲမွန်မြတ်ပြီး တန်ဖိုးဖြတ်မရသည့် ကုသိုလ်ပြုခြင်းတစ်မျိုးဖြစ်ကြောင်းကို ပြောကြားလိုကြောင်း၊ လူသားတို့နေထိုင်ရာ ကမ္ဘာမြေပေါ်တွင် သစ်ပင်၊ သစ်တောများ ရှင်သန်နေခြင်းသည် “အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်ကာလ၏ အကျိုးစီးပွား၊ အနာဂတ်ကာလ၏ဖွံ့ဖြိုးမှု”ဟု ဆိုထားသည့်အတိုင်း နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စားရေရိက္ခာဖူလုံစေရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အလွန်အရေးကြီးသည့် အခန်းကဏ္ဍကပါဝင်လျက်ရှိကြောင်းကို ပြောကြားလိုကြောင်း။

မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်းနိုင်ငံများအနက် သစ်တောဖုံးလွှမ်းမှု ဧရိယာ ဒုတိယအများဆုံးနိုင်ငံဖြစ်သော်လည်း အပူပိုင်း ၁၃ ခရိုင် အပါအဝင် မြေလတ်ဒေသမြို့ကြီးများတွင် သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်း ယခုအခါ နည်းပါးသည်ကို တွေ့နေရကြောင်း၊ မကြာသေးမီနှစ်များကစတင်ပြီး အလယ်ပိုင်းမြေလတ်ဒေသသည် ကမ္ဘာ့အပူချိန်အမြင့်ဆုံး စာရင်းဝင်သည်အထိ အပူချိန်တိုးလာခဲ့ကြောင်း၊ ၎င်းသည် သစ်ပင်သစ်တော နည်းပါးခြင်း၏ အကျိုးဆက်ပင်ဖြစ်ကြောင်း၊ ရာသီဥတု ပူပြင်းလာသည်နှင့်အမျှ မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်းနှင့် တောမီးလောင်ကျွမ်းခြင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ပြီး သဲကန္တာရဖြစ်ထွန်းမှု အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် သစ်တောဖုံးလွှမ်းမှု သိသာထင်ရှားစွာတိုးလာစေရန် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုသာမက နိုင်ငံတော်တည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုဝင်များအနေဖြင့် ၂၀၁၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်၊ ပထမအကြိမ် သစ်ပင်စိုက်ပွဲအထိ စုစုပေါင်း (၄၅) ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ရတနာတန်းဝင်၊ စက်မှုကုန်ကြမ်းသီးနှံ၊ နှစ်ရှည်စားသုံးသီးနှံနှင့် အရိပ်ရလေကာပင်စသည့် အပင်မျိုးစုံ ၂၁၀,၈၂၅ ပင်ကို အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း ၉၀၀ ပင်၊ ပျဉ်းကတိုး ၃၀၀ ပင်၊ မဟော်ဂနီ ၆၀၀ ပင်၊ ပိတောက် ၆၀၀ ပင်၊ စုစုပေါင်း ၂၄၀၀ ပင်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ယခုလို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပနေခြင်းသည် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အကျိုးပြုလုပ်ငန်းတစ်ရပ်ဖြစ်ပြီး စိမ်းလန်းသည့် ပတ်ဝန်းကျင်ကို ဖော်ဆောင်နေခြင်းဖြစ်ကြောင်းကို ပြောကြားလိုကြောင်း။

သစ်ပင်စိုက်ပျိုးခြင်းထက် စိုက်ပျိုးပြီးနောက် ရှင်သန်ကြီးထွားလာစေရန် ပြုစုစောင့်ရှောက်ခြင်းကလည်း ပိုပြီးအရေးကြီးကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းသည် ထာဝရကုသိုလ်ပြုခြင်းဖြစ်၍ သစ်ပင်စိုက်ပျိုးရာတွင် တာဝန်ကျေ စိုက်ပြီးပစ်ထားသည့် စိုက်ပျိုးခြင်းမျိုးမဟုတ်ဘဲ “ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တစ်ပင်စိုက်တစ်ပင်ရှင်၊ စိုက်သမျှ အပင်ရှင်သန် အောင်မြင်ဖြစ်ထွန်းအောင် စီမံချက်ချပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

လက်ရှိကမ္ဘာကြီး၏ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များအရ လူသားအားလုံး သဘာဝဘေးအန္တရာယ်များ တွေ့ကြုံခံစားနေရမှု လျော့ပါးသက်သာစေရေး၊ အနာဂတ်တွင် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ကောင်းနှင့် ကောင်းမွန်တဲ့ရာသီဥတုကို လက်ဆင့်ကမ်းနိုင်ရေးတို့အတွက် သစ်ပင်သစ်တောများကို စိုက်ပျိုးထိန်းသိမ်းသွားကြရန် လိုအပ်ကြောင်းကို မှာကြားလိုကြောင်း၊ ထို့ကြောင့် “သစ်တောတွေထိန်း၊ တောတွေစိမ်းမှ၊ ငြိမ်းချမ်း ပြည်ရွာ၊ နိုင်ငံသာ၏” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တစ်နိုင်ငံလုံး စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ ရာသီဥတုပြန်လည်မျှတ ကောင်းမွန်စေရေးနှင့် သစ်ပင်သစ်တောများ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ် တည်တံ့စေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်သွားကြရမည်ဖြစ်ကြောင်း။

သစ်တောသစ်ပင် စိုက်ပျိုးထိန်းသိမ်းခြင်း လုပ်ငန်းသည် ကုသိုလ်ထူးကို ရရှိစေသည်ဖြစ်၍ စေတနာရှေ့ထား လုပ်ဆောင်သွားကြရန်၊ “ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တစ်ပင်စိုက် တစ်ပင်ရှင်စနစ်ဖြင့် ဖြစ်ထွန်းအောင်မြင်အောင် ရည်မှန်းချက်ထား စိုက်ပျိုးသွားကြရန်၊ သစ်ပင်စိုက်ပျိုးရာတွင် အဖြစ်သဘောမျိုး၊ ဝတ်ကျေတမ်းကျေ စိုက်ပျိုးကြခြင်းမျိုးမဟုတ်ဘဲ စိုက်ပျိုးသည့်အပင်များ အမှန်တကယ်ရှင်သန်ဖြစ်ထွန်းစေရန် စနစ်တကျ စီမံစိုက်ပျိုးသွားကြရန်၊ မိမိတို့တပ်မတော်အနေဖြင့် နှစ်စဉ်ကျင်းပပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတော်ကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးကြသည်။ ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများက သတ်မှတ်နေရာ အသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်မိသားစုများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲများကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စား သုံးသီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၅၇၁၀ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၈၃၉၀ ပင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၌ ၂၄၂၀ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၈၀၀၂ ပင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၃၆၄၅ ပင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ၁၁၁၇၁ ပင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ၈၄၇၅ ပင်၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်၌ ၇၆၉၂ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၄၁၁၁၉ ပင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ ၅၀၆၆ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၉၄၀ ပင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၌ ၇၃၈၀ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၄၅၈၂၇ ပင်နှင့် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်၌ ၁၀၆၄၀ ပင်တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၁၇၈၈၇၇ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။