အတိတ်ကာလက ဗဟိုဦးစီးစနစ်နှင့် စီမံကိန်းချစီးပွားရေးစနစ်တို့ကို ကျင့်သုံးခဲ့ဖူးသော မိမိတို့နိုင်ငံ၏ မျက်မှောက်ကာလ စီးပွားရေးစနစ်မှာ ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်။ ဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ဝယ်လိုအားနှင့် ရောင်းလိုအားတို့ကသာ ဈေးကွက်စီးပွားရေးစနစ်ကို အဓိကမောင်းနှင်နေခြင်းဖြစ်ပြီး အစိုးရက ပါဝင်စွက်ဖက်မှု ကင်းနိုင်သမျှ ကင်းခြင်းက အကောင်း ဆုံးဖြစ်သည်။
သို့ရာတွင် ဈေးကွက်စီးပွားရေးယန္တရားကြီး အောင်အောင်မြင်မြင်နှင့် အရှိန်အဟုန်ကောင်းစွာ လည်ပတ်နိုင်ရေးအတွက်မူ အစိုးရက အထောက်အပံ့ကောင်းများ ဆောင်ရွက်ပေးနိုင်ရန်မှာမူ မလွဲမသွေလိုအပ်သည်။ အထူးသဖြင့် မိမိတို့ကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို လွယ်လွယ်ကူကူတည်ထောင်နိုင်ရေး၊ ငွေပင်ငွေရင်းများရရှိနိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ရရှိရေး၊ စွမ်းအင်နှင့် ခေတ်မီနည်းပညာများ လွယ်ကူစွာရရှိနိုင်ရေး စသည့်ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးရန်မှာ အစိုးရကသာ ဆောင်ရွက်ပေးနိုင်သော လုပ်ငန်းများဖြစ်သည်။ နိုင်ငံတော်အစိုးရက လိုအပ်သော မူဝါဒများချမှတ်ပေးခြင်း၊ ဥပဒေ၊ နည်းဥပဒေများကို ခေတ်နှင့်အညီ ပြဋ္ဌာန်းပေးခြင်း၊ လုပ်ငန်းရှင်များနှင့် စဉ်ဆက်မပြတ်တွေ့ဆုံ၍ ဆွေးနွေးခြင်းနှင့် ၎င်းတို့၏ အခက်အခဲများကို ဖြည့်ဆည်းပေးခြင်း၊ ကူညီဖြေရှင်းပေးခြင်းအားဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်လာနိုင်မည် ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ တာဝန်များကို ဝင်ရောက်ထမ်းဆောင်နေစဉ် ကာလအတွင်း နိုင်ငံတော်တွင် ကျဆင်းနေသည့် စီးပွားရေးကဏ္ဍကို မြှင့်တင်ရာတွင် ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားရေးအတွက် တွန်းအားပေး ဆောင်ရွက်ခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ရှိနေသော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအား နိုင်ငံတော်အကြီးအကဲကိုယ်တိုင် အကြိမ်များစွာ တွေ့ဆုံဆွေးနွေးကာ လုပ်ငန်းရှင်များ၏ လိုအပ်ချက်များ၊ အခက်အခဲများကို ဖြည့်ဆည်းမှုများ၊ ဖြေရှင်းပေးမှုများ ပြုလုပ်ပေးခဲ့သည်။ ဩဂုတ် ၁၁ ရက်က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ခရီးစဉ် တွင် မြို့မိမြို့ဖများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးရာတွင် “ယနေ့ခေတ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သဖြင့် အစိုးရက ဆောင်ရွက်မှုများသည်သာမက ဒေသအလိုက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း တစ်ဦးချင်းကြိုးစားအားထုတ်ရန်လိုကြောင်း၊ အစိုးရအနေဖြင့် မူဝါဒပိုင်းဆိုင်ရာများကို အကောင်းဆုံးဖြစ်အောင် ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးသည် ကုန်ထုတ်စွမ်းအားမြင့်မားရေးအတွက် ရေ၊ မြေသယံဇာတ အရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်များ အားကောင်းသည့် ဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ အဓိကဆောင်ရွက်နိုင်စွမ်းရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ပါဝင်သည်။ နိုင်ငံ့စီးပွားရေးအတွက် အားထားရသော တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ အစိုးရနှင့် ပုဂ္ဂလိက လက်တွဲညီညီ ဆောင်ရွက်ကြိုးပမ်းမှုဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုရရှိလာကာ ဒေသတွင်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ဖြစ်ပေါ်ရေး၊ ဒေသခံပြည်သူတို့၏ ဝင်ငွေနှင့်စားသုံးမှုတို့ မြင့်မားလာရေး၊ အခွန်ဝင်ငွေများ ပိုမိုတိုးပွားလာရေးတို့ကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။
ဈေးကွက်စီးပွားရေးစနစ်တွင် ပုဂ္ဂလိကကဏ္ဍသည် အဓိက မောင်းနှင်အားဖြစ်သည့်အလျောက် ဥပဒေနှင့်အညီ တရားဝင်လမ်းကြောင်းပေါ်တွင် နိုင်ငံ့စီးပွားအထောက်အကူပြုသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ရှင်သန်ဖွံ့ဖြိုးနိုင်ရေးအတွက် အဂတိလိုက်စားမှုများ ကင်းရှင်းရေး၊ တရားမဝင်ကုန်သွယ်မှုများတိုက်ဖျက်ရေး စသည့် နိုင်ငံတော်၏ ဆောင်ရွက်ချက်များတွင် လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်ကြရမည်ဖြစ်သလို မိမိတို့၏ လုပ်ငန်းများ အောင်မြင်ရေးကိုလည်း မိမိအကျိုး၊ နိုင်ငံတော်အကျိုးအလို့ငှာ အားထုတ်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။