နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းသာယာရေး ကြိုးပမ်းဆောင်ရွက်မှုများအား ပြည်သူများက နားလည်လက်ခံကြသလို သဘောထားအမှန်ထားရှိကြသူများအနေဖြင့် အသိအမှတ်ပြုကြမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ လူမှုစီးပွားဘဝ အဆင်ပြေစေရေးတို့ကို ဝိုင်းဝန်းကူညီပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နှောင့်ယှက်ဖျက်ဆီးသူများကို တိုက်ဖျက်ကြရမည်ဖြစ်သည်။ ပြည်သူအားလုံး၏အကျိုးကို ဖျက်ဆီးကြသူများအား ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချကြရမည် ဖြစ်သည်။
နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများအပေါ် နှောင့်ယှက်မှုများရှိနေမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝတိုးတက် ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် နှောင့်နှေးကြန့််ကြာနေမည်ဖြစ်သည်။ လက်ရှိတွင် စည်းကမ်းပြည့်ဝသော စစ်မှန်သည့်ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသည်။ ထိုကာလတွင် နှောင့်ယှက်မှုများကြောင့် နှောင့်နှေးစေခြင်းသည် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ပြန်လည်ဖော်ဆောင်ရေးအတွက် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ နှောင့်နှေးစေသည်။
ထိုကဲ့သို့ နှောင့်နှေးအောင်လုပ်ဆောင်နေသူများသည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်နေသူ၊ ပြည်သူများ ထိခိုက်နစ်နာစေလိုသူများသာဖြစ်သည်။ နိုင်ငံတော်အစိုးရက နိုင်ငံတော်နှင့် ပြည်သူများ အကျိုးစီးပွားအတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေပြီဖြစ်ရာ နိုင်ငံကို နှောင့်ယှက်ဖျက်ဆီးနေသူများအား ဝိုင်းဝန်းတိုက်ဖျက်ပြီး တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာ စေရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးကလည်း ပူးပေါင်းလက်တွဲဆောင်ရွက်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။
လက်ရှိကာလတွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် အချို့ EAO အဖွဲ့များ၏ အကြမ်းဖက်ဖျက်ဆီးမှုလုပ်ရပ်များကြောင့် အချို့သောဒေသနှင့် တိုင်းရင်းသားဒေသအချို့၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေလျက်ရှိသည့်အပြင် ကျောင်းနေအရွယ် ကျောင်းသား ကျောင်းသူလေးများ၏ ပညာသင်ကြားမှုအခွင့်အရေးများ များစွာဆုံးရှုံးထိခိုက်နစ်နာစေလျက်ရှိသည်။ ထို့အပြင် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်းဆုံးရှုံး၍ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာစေလျက်ရှိသကဲ့သို့ တိုင်းပြည်၏ အနာဂတ်အတွက်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရက တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မဖြစ်မနေကြိုးပမ်းဆောင်ရွက်သွားမည်ဟု သန္နိဋ္ဌာန်ချထားသည်။ ခေတ်မီတိုးတက်သည့် နိုင်ငံတိုင်းသည် ပညာတတ်များ ပေါများကြသည်ကိုတွေ့ရမည်ဖြစ်သည်။ ပညာရည်မြင့်မားမှသာ ပိုင်းခြားဝေဖန်လုပ်ကိုင်နိုင်သည့် အတွေးအခေါ်များရရှိမည်ဖြစ်ရာ တိုင်းရင်းသားပြည်သူများအားလုံး ပညာရည်မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသား အခွင့်အရေးနှင့်ပတ်သက်၍ အခြေခံဥပဒေ၌ တူညီသည့်အခွင့်အရေးများပေးထား ပြီးဖြစ်သကဲ့သို့ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် တိုင်းရင်းသားဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့် NCA ပါ သဘောတူညီချက်များအတိုင်း အလေးထားဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ပေသည်။ လက်နက်ကိုင်လမ်းစဉ်သည် မည်သည့်အခါမျှ အောင်မြင်မှုမရနိုင်သည်ကို သမိုင်းစဉ်တွင်တွေ့ရမည်ဖြစ်သည်။ တိုင်းရင်းသားတို့၏ ဆန္ဒနှင့်လိုလားချက်များကို လက်နက်ကိုင်ဆောင်ရွက်၍မရနိုင်ဘဲ ဒီမိုကရေစီစံနှုန်းနှင့်အညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှသာ ရနိုင်မည်ဖြစ်သည်။ နိုင်ငံရေးစင်မြင့်တွင် တိုင်းရင်းသားပြည်သူကိုယ်စားလှယ်အားလုံးစုံညီစွာဖြင့် လိုလားချက်၊ ရည်မှန်းချက်များကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ် အကောင်အထည်ဖော်ရန် အရေးကြီးသည်။
ထို့ကြောင့် ဒီမိုကရေစီနိုင်ငံရေးစင်မြင့် ပေါ်ပေါက်လာစေရန်အတွက် “အရေး ပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများ နှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟူသော ရှေ့လုပ်ငန်းစဉ်ကို မဖြစ်မနေအကောင်အထည်ပေါ်အောင် ဆောင်ရွက်နေခြင်းဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်အစိုးရ ဆက်လက်တာဝန်ထမ်းဆောင်မည့် ကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အားလုံးပူးပေါင်းပါဝင်ပြီး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။