နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဩဂုတ် ၁၁ ရက်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ မြို့မိ၊ မြို့ဖများအား အစိုးရအဖွဲ့ရုံးဧည့်ရိပ်သာ၌တွေ့ဆုံ၍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးပြောကြားကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
တက်ရောက်လာကြသည့် မြို့မိ၊ မြို့ဖများက ယခုကဲ့သို့ နိုင်ငံတော်အကြီးအကဲနှင့် တိုက်ရိုက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခွင့်ရသည်မျိုးမှာ ယခင်ကမရှိခဲ့ပါကြောင်း၊ နိုင်ငံ့အကျိုး၊ ဒေသအကျိုးအတွက် အောက်ခြေအထိဆင်း၍ အကွက်ကျကျဆောင်ရွက်နေသဖြင့် အားကိုးဂုဏ်ယူမိပါကြောင်း ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပြီး ဒေသလိုအပ်ချက်နှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်းတိုးတက်ရေး၊ မြေအရည်အသွေး ထိန်းသိမ်းရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြခဲ့သည်။
မြို့မိ၊ မြို့ဖများက ပုလဲ၊ ယူရီးယားနှင့် အခြားသောကွန်ပေါင်းဓာတ်မြေဩဇာများစွာကို ကာလရှည်ကြာအသုံးပြုခဲ့သဖြင့် မြေအရည်အသွေးကိုထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် မြေအရည်အသွေးမြှင့်တင်ရေး ဆောင်ရွက်သွားရန်လိုအပ်ချက်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်တစ်ခု ဆောင်ရွက်ပေးစေလိုမှု၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် လမ်းပန်းဆက်သွယ်ရေတွင် ကောင်းမွန်လျက်ရှိပြီးဖြစ်သော်လည်း အချို့သောလမ်းပိုင်းများ၌ အဆင့်မြှင့်တင်ပေးရန် လိုအပ်လျက်ရှိနေမှုတို့ကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်အကြီးအကဲက ပြန်လည်ရှင်းလင်းပြောကြားပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သည်။
နိုင်ငံတော်အကြီးအကဲက “အထွက်နှုန်းကောင်းမွန်ရေးအတွက် ဓာတ်မြေဩဇာများစွာထည့်သွင်းအသုံးပြုခြင်းသည် မူလမျိုးကောင်းမျိုးသန့်များ၏ အရည်အသွေးကို ထိခိုက်လာစေသည်ကို တွေ့ရှိရကြောင်း၊ သဘာဝမြေဩဇာကို အတတ်နိုင်ဆုံးသုံးစွဲခြင်းဖြင့် မြေအရည်အသွေးနှင့် မျိုးအရည်အသွေးကို ထိန်းသိမ်းသွားရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၌ လယ်ယာစိုက်ပျိုးမှုများသည် အကွက်ငယ်များဖြင့် စိုက်ပျိုးကြသဖြင့် အနည်းဆုံးဧကကွက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သကဲ့သို့ အထွက်နှုန်းများသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ မြေများကို စနစ်တကျ ပြုပြင်၍ ကောက်ကွက်များပြည့်မီအောင် စိုက်ပျိုးမည်ဆိုပါက အထွက်နှုန်းများ ကောင်းလာမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
အထွက်နှုန်းတိုးရေးအတွက် သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများကို ပြည့်ဝစွာထည့်သွင်းရမည်ဖြစ်သကဲ့သို့ မြေအရည်အသွေးကောင်းမွန်ရေးအတွက်လည်း ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်သည်။ ပိုက်ဆံလျှော်စိုက်ပျိုးခြင်းဖြင့် သဘာဝမြေဩဇာကိုရရှိစေနိုင်ပြီး မြေဆီမြေနှစ်များလည်း ကောင်းမွန်လာမည်ဖြစ်သည်။ ဒေသတွင်း၌ရှိပြီးဖြစ်သည့် မျိုးရင်းများမပျောက်ကွယ်စေရေးနှင့် အရည်အသွေးကျဆင်းမှုမရှိစေရေး သုတေသနပြုလုပ်ငန်းများ အမြဲမပြတ်ဆောင်ရွက်သွားရန်လိုသည်။ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မျိုးကောင်းမွန်ရမည်၊ မြေအရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ရမည်၊ စိုက်ပျိုးရေ၊အောင်ရေ လုံလောက်စွာရရှိနိုင်ရမည်၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်ရမည်ဟူသည့် အချက်လေးချက်နှင့်ပြည့်စုံပါက စိုက်ပျိုးရေးလုပ်ငန်း များ အောင်မြင်လာမည်ဖြစ်သည်။
စိုက်ပျိုးရေးလုပ်ကိုင်ကြသူများအနေဖြင့် မွေးမြူရေးလုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင်ကြသဖြင့် မွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်မည်ဖြစ်သကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းများမှ ကုန်ကြမ်းများဖြင့်လည်း တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။ စပါးတစ်တင်းရိတ်လိုက်သည့်အခါ ကောက်ရိုး ၂၃ ပိဿာတွင်ပါသည့် အာဟာရပမာဏနှင့်ညီမျှသော မြေဩဇာဓာတ်များမြေအတွင်း၌ ကုန်ဆုံးတတ်သည်ဟု သိရသည်။ ထို့ကြောင့် စပါးတစ်တင်းရိတ်ပြီးတိုင်း သဘာဝမြေဩဇာဖြစ်သည့် ကောက်ရိုး ၂၃ ပိဿာကို ပြန်သုံးလျှင် မြေအတွင်းမူလရှိရင်းစွဲ အာဟာရဓာတ်များ ရှိနေမည်ဖြစ်သည်။ စပါးရိတ်သိမ်းပြီးသောတင်းအလိုက် အချိုးအစားညီ သဘာဝမြေဩဇာထည့်သွင်းရန်လိုအပ်သည်ကို စိုက်ပျိုးရေးပညာရှင်များက အကြံပြုထား သည်။
သဘာဝမြေဩဇာသည် သီးနှံပင်များအတွက် အကျိုးရှိသည်ဆိုသော်လည်း ရေဝပ်သောမြေ၊ မြေအောက်ရေမျက်နှာပြင်မြင့်သည့်မြေ၊ အထက်အစိုဓာတ်နှင့် အောက်အစိုဓာတ် ဆက်စပ်သည့်မြေ၊ ကျွံဝင်သည့်မြေ၊ မြေဆီလွှာအောက်တွင် မပုပ်မဆွေးသည့်ရိုးပြတ်၊ အပင်အကြွင်းအကျန်ရှိသည့်မြေ၊ စပါးနီတိုဖြစ်သည့်မြေ၊ ဒုံးပေါက်မြေ၊ စမ်းပေါက်မြေ၊ စမ်းစွဲမြေစသည့် သတိထားစရာများလည်းရှိသည်။ သို့ဖြစ်ရာ စိုက်ပျိုးနည်းစနစ် အချက်လေးချက်ဖြင့် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာတို့ကို စနစ်တကျအသုံးပြုပြီး မြေများကိုစနစ်တကျပြုပြင်၍ ကောက်ကွက်များပြည့်မီအောင် စိုက်ပျိုးမည်ဆိုလျှင် အထွက်နှုန်းများကောင်းလာမည် ဖြစ်ပါကြောင်း။ ။