ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုဖြစ်ရပ်များကို နိုင်ငံတကာသတင်းများတွင် တွေ့မြင်နေရသည်။ ကမ္ဘာကြီးပူနွေးလာခြင်းနှင့်ဆက်စပ်၍ ကမ္ဘာ့ဒေသအနှံ့အပြားတို့တွင် ပုံမှန်မဟုတ်သော အစွန်းရောက်ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိရာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသည့် ဒေသများတွင် ရွာသွန်းနေပြီး ပူပြင်းခြောက်သွေ့မိုးခေါင်နေသည့် ဒေသများလည်းရှိနေသည်။
ရာသီဥတုပြောင်းလဲဖောက်ပြန်မှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုတို့သည် ဒုတိယထောင်စုနှစ်သို့ကူးပြောင်းချိန်တွင် ကမ္ဘာကြီးကို သိသာထင်ရှားစွာ ခြိမ်းခြောက်လာသည့် ပြဿနာဖြစ်သည်။ ကမ္ဘာကြီးကိုလွှမ်းခြုံထားသည့် လေထုထဲတွင် နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်း၊ အောက်စီဂျင် ၂၁ ရာခိုင်နှုန်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ်၊ မီသိန်း၊ အာဂွန်၊ နိုက်ထရပ်စ်အောက်ဆိုဒ် အစရှိသော အခြားဓာတ်ငွေ့များက ၁ ရာခိုင်နှုန်းခန့်သာပါဝင်ပြီး ကမ္ဘာကြီး၏ သင့်တင့်မျှတသောအပူချိန်နှင့် လူ၊ အပင်၊ သတ္တဝါများ၏ ရှင်သန်နိုင်မှုတို့က လေထုထဲရှိ ဓာတ်ငွေ့များ၏ မျှခြေပေါ်တွင် မူတည်နေသည်။ ကမ္ဘာပေါ်တွင် လူဦးရေတိုးပွားလာခြင်းနှင့် ခေတ်မီတိုးတက်လာခြင်းအပြင် လူသားတို့၏ ပယောဂကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အခြားမှန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုများပြားလာခဲ့ရာ ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲသည့် အကျိုးဆက်တို့ ဖြစ်ပေါ်လာခဲ့သည်၊၊
ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်းနှင့် လူသားတို့အတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကျဆင်းစေခြင်း၊ သီးနှံအဖျက်ပိုးများ ပေါက်ပွားနှုန်းမြင့်မားလာစေခြင်း၊ ဇီဝမျိုးစိတ်အချို့ မျိုးသုဉ်းပျောက်ကွယ်ခြင်း၊ လူသားတို့ကျန်းမာရေးကိုထိခိုက်စေသည့် ပိုးမွှားများပေါက်ပွားရာဒေသများ ကျယ်ပြန့်လာခြင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းတို့မှ စားနပ်ရိက္ခာ ထုတ်လုပ်မှုကိုထိခိုက်စေခြင်း စသည့်အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေခြင်းကြောင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ဟန့်တားတိုက်ဖျက်ရန်မှာ လူသားထုတစ်ရပ်လုံး၏တာဝန်ဖြစ်လာသည်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုသည် ကမ္ဘာကြီးပူနွေးလာမှုကြောင့်၊ ကမ္ဘာကြီးပူနွေးလာရခြင်းသည် မှန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုကြောင့်ဟူ၍ဖြစ်ရာ ကမ္ဘာ့လေထုအတွင်း မှန်လုံအိမ်ဓာတ်ငွေ့ပမာဏများပြားလာမှုကို လျှော့ချနိုင်ရန် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြသည်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် ကမ္ဘာကြီးပူနွေးလာမှုကို (Greenhouse Effect) “မှန်လုံအိမ်အာနိသင်” ဟုဆိုပြီး မှန်လုံအိမ်အာနိသင်ဖြစ်ရခြင်းသည် (Greenhouse Gases) “မှန်လုံအိမ်ဓာတ်ငွေ့များ” တိုးပွားလာခြင်းကြောင့်ဟုဆိုသည်။ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့ ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှအနည်းဆုံးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမဖြစ်စေဘဲ လူမှုစီးပွားဘဝများ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် လုပ်ဆောင်သည့်စီးပွားရေးလုပ်ငန်းကို (Green Economy) “အစိမ်းရောင်စီးပွားရေး”ဟုဆိုသည်။ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေဘဲ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်ဆိုင်သမျှတို့သည် အစိမ်းရောင်အလုပ်အကိုင်၊ အစိမ်းရောင် ပြောင်းလဲမှု၊ အစိမ်းရောင်ကျွမ်းကျင်မှု စသည်ဖြင့်ဖြစ်ရာ အနာဂတ်ကမ္ဘာကြီးတွင် လူသားများ၏ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ သဘာဝပတ်ဝန်းကျင်မထိခိုက်မပျက်စီးစေရေးအတွက် ဆက်လက်ဆောင်ရွက်ကြရမည့်သူများမှာ ယနေ့လူငယ်များဖြစ်ပြီး ယင်းသို့ဆောင်ရွက်နိုင်ရေးအတွက် လူငယ်များတွင် (Green Skills) “ အစိမ်းရောင်ကျွမ်းကျင်မှု” တို့ ရရှိနေရန်လိုအပ်သည်။
လူငယ်များတွင် အစိမ်းရောင်ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်နိုင်ရန်အတွက် မူဝါဒချမှတ်ခြင်းနှင့်ကျွမ်းကျင်မှု ဆိုင်ရာအထောက်အပံ့များ ဆောင်ရွက်ခြင်းတို့အတွက် ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာလူငယ်များနေ့ ကုလသမဂ္ဂ၏ တိုက်တွန်းချက်တွင် ဖော်ပြခဲ့ရာ လူသားကမ္ဘာ၏ အနာဂတ်နှင့် နိုင်ငံ၏အနာဂတ်အကျိုးအတွက် လူငယ်များ၏ အစိမ်းရောင်ကျွမ်းကျင်မှုများကို မြှင့်တင်ကြရပါမည့်အကြောင်း။ ။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်