ကမ္ဘာပေါ်တွင် သိပ္ပံ၊ စက်မှုနှင့် နည်းပညာများ ခေတ်နှင့်အညီ လိုက်ပါတိုးတက်နေသည်။ သိပ္ပံ၊ စက်မှု၊ နည်းပညာများ တိုးတက်ထွန်းကားသည့်နိုင်ငံများသည် ချမ်းသာကြွယ်ဝကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုကဏ္ဍဖွံ့ဖြိုးရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် တိုးတက်မှုအားနည်းနေသည်။
စက်မှုကဏ္ဍသည် နိုင်ငံတိုးတက်ရေးအတွက်အရေးပါသည်။ စက်မှုစွမ်းအားဖြင့် ခေတ်ကိုကျော်လွှားနိုင်သည်။ စက်မှုကဏ္ဍတိုးတက်မှ တိုးတက်ဖွံ့ဖြိုးသည့် နိုင်ငံတည်ဆောက်နိုင်မည်။ စက်မှုကဏ္ဍမှ ပြည်တွင်း၌ လိုအပ်သည့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်သဖြင့် ပြည်ပမှတင်သွင်းနေရသည့် လိုအပ်ချက်ကို လျှော့ချနိုင်သောကြောင့် နိုင်ငံခြားငွေကုန်ကျစရိတ် လျော့နည်းသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍတွင် ထုတ်ကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံအများအပြား နိုင်ငံအတွင်း တည်ဆောက်ထားသည်။ သို့သော် စက်ရုံအများစုမှာ လည်ပတ်နိုင်ခြင်းမရှိတော့ဘဲ ရပ်ဆိုင်းနေခြင်း၊ ဖျက်သိမ်းခြင်းများရှိခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရသည့် စက်ရုံ၊ အလုပ်ရုံများ ပြန်လည်လည်ပတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ နိုင်ငံအတွင်းရှိပြီးဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများတွင် ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကိုအသုံးပြု၍ ကုန်ထုတ်လုပ်ငန်းများကို ပြန်လည်ဆောင်ရွက်နိုင်လျှင် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုများ လျော့နည်းလာမည်ဖြစ်သည်။ ဩဂုတ်လ ၁၂ ရက်နေ့သည် စက်မှုကဏ္ဍ တစ်ဖန်ပြန်လည်ဆန်းသစ်သည့်နေ့ဟု ဆိုရမည်ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့၌ တည်ဆောက်ထားသည့် အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)ကို ပြန်လည်ဖွင့်လှစ်ပေးပြီး လုပ်ငန်းများလည်ပတ်နေပြီဖြစ်သည်။
မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနယ်ပယ်တွင် နှစ်စဉ်စက္ကူ လိုအပ်ချက်များ များစွာရှိသည်။ စက္ကူလိုအပ်ချက်အားလုံးအတွက် နှစ်စဉ်တန်ချိန် ထောင်နှင့်ချီ၍ ပြည်ပမှတင်သွင်းနေရသည်။ ယခုအခါ စက္ကူစက်ရုံ(သာပေါင်း)တွင် စက္ကူစက်ရုံ တန် ၅၀ ကိုတည်ဆောက်ထားပြီး သတင်းစာစက္ကူစက်ရုံ တန် ၆၀ ကို ပြန်လည်ဖွင့်လှစ်လည်ပတ်နိုင်ပြီဖြစ်၍ မြန်မာနိုင်ငံအတွက် စက္ကူလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ပြီဖြစ်သည်။ ယခင်က စစ်တောင်း စက္ကူစက်ရုံ၊ ရေနီစက္ကူစက်ရုံနှင့် သာပေါင်းစက္ကူစက်ရုံတို့ကို တည်ဆောက်လည်ပတ်ခဲ့ပြီး စစ်တောင်းစက္ကူစက်ရုံမှာ သက်တမ်းကြာမြင့်နေပြီဖြစ်၍ ဖျက်သိမ်းခဲ့သည်။ သာပေါင်းစက္ကူစက်ရုံမှာလည်း ရပ်ဆိုင်းနေခဲ့ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ ယခုအခါ ပြန်လည်လည်ပတ်နိုင်ပြီဖြစ်သည်။
သာပေါင်းစက္ကူစက်ရုံမှထွက်ရှိသော သတင်းစာစက္ကူ၊ အခြားပုံနှိပ်စက္ကူအမျိုးမျိုးတို့သည် အရည်အသွေးကောင်းမွန်သည်ကိုတွေ့ရသည်။ စက္ကူစက်ရုံ(သာပေါင်း)လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့်သဘာဝဓာတ်ငွေ့ကို ကန်ကြီးထောင့်-သာပေါင်းဓာတ်ငွေ့ပိုက်လိုင်းမှ ထုတ်လွှတ်ပေးနိုင်ပြီး စက္ကူကုန်ကြမ်းအတွက် ဝါးနှင့် သစ်မာပင်များကို ဒေသတွင်း၌ပင် စိုက်ပျိုးထုတ်လုပ်ပေးနိုင်သည်။ ယခုစက်ရုံစုသည် စွမ်းအားပြည့်လည်ပတ်နိုင်ပါက သတင်းစာစက္ကူအပြင် အခြားစက္ကူအမျိုးမျိုးကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။ ခေတ်ကာလတိုးတက်ပြောင်းလဲ လာမှုအရစက္ကူမဲ့အွန်လိုင်းမီဒီယာကဏ္ဍ တိုးတက်လာသဖြင့် ပုံနှိပ်မီဒီယာကဏ္ဍကျဆင်းလာသည်ဆိုသော်လည်း ပညာမှတ်တမ်း၊ သမိုင်းမှတ်တမ်းလိုအပ်ချက်အရ ပုံနှိပ်မီဒီယာလိုအပ်ချက် ဆက်လက်ရှိနေဦးမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သတင်းစာစက္ကူစက်ရုံ(သာပေါင်း) ဖွင့်ပွဲတွင် စက္ကူလိုအပ်ချက်ကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲနေရမှုကို များစွာလျော့နည်းသွားစေမည်ဖြစ်ကြောင်း၊ အလားတူ အခြားသွင်းကုန်ပစ္စည်းများဖြစ်သည့် ရော်ဘာထုတ်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသွင်းကုန်များကို အစားထိုးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများမြှင့်တင်နိုင်ရေးအတွက် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ထားရသည့် စက်ရုံ၊ အလုပ်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုစက်ရုံမှ စက္ကူထုတ်လုပ်မှုများ ဆက်လက်တိုးတက်စေရေး ကြိုးပမ်းကြစေလိုကြောင်း ပြောကြားခဲ့သည်။
သို့ဖြစ်ရာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတော်၏ စက်မှုကဏ္ဍမြင့်မားတိုးတက်လာရေးကို ပြန်လည်တစ်ခေတ်ဆန်းသစ်ပြီး ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်ရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်