နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အသေးစား၊ အလတ်စား၊ အကြီးစားစက်မှုလုပ်ငန်းများသည် အရေးပါသည့်ကဏ္ဍများဖြစ်သည်။ “စက်မှုစွမ်းအား ခေတ်ကျော်လွှား”ဆိုသည့်အတိုင်း စက်မှုကဏ္ဍတိုးတက်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ တည်ဆောက်နိုင်မည်ဖြစ်သည်။ စက်မှုလုပ်ငန်းများမှ ပြည်တွင်း၌ လိုအပ်သည့်ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်ပသွင်းကုန်များလျှော့ချနိုင်ကာ နိုင်ငံခြားငွေသုံးစွဲမှုများ လျော့နည်းသက်သာပြီး တိုင်းပြည်စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများ အမြောက်အမြားရှိသည်။ အငယ်စားနမူနာလေးများအဖြစ် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရွာသစ်ကိုင်းတာကျေးရွာ၌ သံရည်ကျိုလုပ်ငန်း ၁၈ ခုမှ ပြည်တွင်းသုံးသံ၊ သတ္တုကုန်ကြမ်းများနှင့် ပြည်ပပို့ကုန်များထုတ်လုပ်လျက်ရှိသည်။ ကဝမြို့နယ် သပြုစံပြကျေးရွာတွင် သံရည်ကျို၊ ဒန်၊ သတ္တုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။ ကဝမြို့နယ် သပြုစံပြကျေးရွာနှင့် ရွာသစ်ကျေးရွာတို့တွင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်သုံးစက်ပစ္စည်းများ၊ အီလက်ထရွန်နစ်စက်ပစ္စည်းများ၊ ရေယာဉ်ပန်ကာ၊ အပ်ချုပ်စက်နှင့် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်လျက်ရှိသည်။
သပြုကျေးရွာ MSME လုပ်ငန်းရှင်များနှင့် သံရည်ကျိုပုံလောင်းလုပ်ငန်းရှင်များ လိုအပ်ချက်ဖြစ်သည့် စွန့်ပစ်သတ္တုဘူးခွံများ၊ ကားနံပါတ်ပြား စွန့်ပစ်သတ္တုများ၊ သတ္တုတွင်းစာ၊ သတ္တုချော်ချီးနှင့် အခြားစွန့်ပစ် သံ၊ သတ္တု စသည့်ကုန်ကြမ်းပစ္စည်းများနှင့် လုပ်ငန်းကြီးများမှထွက်ရှိသည့် သံ၊ သတ္တုစွန့်ပစ်အစိတ်အပိုင်းများကို ပံ့ပိုးပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ စွန့်ပစ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ်အသုံးပြု သဖြင့် Reduce၊ Reuse၊ Recycle နှင့် Recover ဆိုသည့် 4R Principle နှင့်အညီ ထုတ်ကုန်ပစ္စည်းများအဖြစ် ပြန်လည်ရောင်းချနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ သံရည်ကျိုလုပ်ငန်းအများစုအနေဖြင့် မိရိုးဖလာနည်းစဉ်အတိုင်း သဲကြမ်းကို အသုံးပြုသဖြင့် ကုန်ပစ္စည်းအရည်အသွေးကျဆင်းပြီး ဈေးကွက်တွင် အားနည်းချက်များရှိခဲ့သည်။ ယခုအခါ သံရည်ကျိုခြင်း၊ ပုံလောင်းခြင်းများကို ခေတ်မီနည်းစနစ်များဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်စေရေး သင်တန်းများပို့ချပေးခြင်း၊ နည်းပညာများ မျှဝေပေးနိုင်ခြင်းကြောင့် သံ၊ သတ္တုလုပ်ငန်းများကို အဆင့်မြင့် နည်းပညာများဖြင့် လုပ်ကိုင်သွားနိုင်မည်ဖြစ်ရာ ပြည်ပပို့ကုန်များကို အရည်အသွေး ပြည့်မီစွာထုတ်လုပ်နိုင်ခြင်း၊ တီထွင်ဆန်းသစ်မှုများ အဆက်မပြတ်ပြုလုပ်လာနိုင်မည့်အပြင် ဒေသတွင်းရှိ လူငယ်များအား နည်းပညာများ ပြန်လည်မျှဝေပေးနိုင်မည် ဖြစ်၍ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ထွန်းနေသည့် စီးပွားရေးလုပ်ငန်းများအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်သည် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများဖြစ်သည်။ အဆိုပါလုပ်ငန်းများ၌ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် သံနှင့်သတ္တု အသေးစား၊ အလတ်စားလုပ်ငန်းများလည်းပါဝင်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ဒေသအလိုက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီများကိုဖွဲ့စည်း၍ ကဏ္ဍအလိုက်လိုအပ်ချက်များကို အနီးကပ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။ MSME လုပ်ငန်းရှင်များအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထောက်ပံ့ကူညီပေးလျက်ရှိသည်။ ထို့အပြင် အတတ်ပညာ၊ နည်းပညာတတ်မြောက်ရေးအတွက်လည်း စက်မှုနည်းပညာရပ်များကို ဒေသအလိုက် သင်ကြားပေးလျက်ရှိသည်။
မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍတွင် အချို့စက်ရုံ၊ အလုပ်ရုံများမှာ နည်းပညာ၊ အရင်းအနှီး၊ ကုန်ကြမ်းလိုအပ်ချက်များကြောင့် ရပ်ဆိုင်းထားခြင်း၊ ပိတ်သိမ်းထားခြင်းများရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် နိုင်ငံအတွင်းရှိပြီးဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများအား ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကိုအသုံးပြု၍ ပြန်လည်လည်ပတ်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ အခြားစက်ရုံ၊ အလုပ်ရုံများကိုလည်း လည်ပတ်နိုင်အောင် ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍမှ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ MSME ကဏ္ဍမှ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြခြင်းအားဖြင့် နိုင်ငံ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာပြီး ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည့်အပြင် နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်