Skip to main content

ကြည်ညိုဖွယ် ဝမ်းမြောက်နုမော်သာဓုခေါ်

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများကို ဩဂုတ်လ ၁ ရက်နေ့တွင် ခမ်းနားထည်ဝါ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပြီးနောက် ဩဂုတ်လ ၈ ရက်နေ့မှစတင်၍ ရဟန်းရှင်လူပြည်သူများအား ဖူးမြော်ကြည်ညိုခွင့်ပြုခဲ့သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အများပြည်သူတို့အား ဩဂုတ်လ ၁ ရက်နေ့မှ ဩဂုတ်လ ၁၆ ရက်နေ့အထိ အခမဲ့ဝင်ရောက်ဖူးမြော်ကြည်ညိုခွင့်ပြုခဲ့ရာ နေပြည်တော်နှင့် မြန်မာပြည်အရပ်ရပ်တို့မှ ရဟန်းသံဃာ၊ ပြည်သူများနှင့် ဝန်ထမ်းများ နေ့စဉ်လာရောက်ဖူးမြော်ကြည်ညိုကြပြီး ကောင်းမှုကုသိုလ်အစုစုကို ပြုလုပ်ခဲ့ကြသည်။ ဘုရားဖူးလာပြည်သူများမှာ တစ်နေ့တခြားများပြားလာရာ နေ့စဉ်ရုံးဖွင့်ရက်များ၌ ထောင်သောင်းချီလာရောက်ကြပြီး ရုံးပိတ်ရက်များတွင် သိန်းသောင်းချီလာရောက်ကြသဖြင့် ဘုရားဖူးလာပြည်သူများ ဆက်လက်ကြည်ညိုပွားများနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက စက်တင်ဘာလ ၃ ရက်နေ့အထိ အခမဲ့ကြည်ညိုဖူးမြော်ခွင့်ပြုခဲ့သဖြင့် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုအပ်ပါသည်။

ဘုရားဖူးမြော်ခွင့် သတ်မှတ်ကာလရက်ပြည့်သည့်အခါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရားဥယျာဉ်တော်ကြီးတစ်ခုလုံးတည်တံ့ခိုင်မြဲရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ထိန်းသိမ်းစောင့်ရှောက်မှုများပြုလုပ်နိုင်ရန် ဝင်ကြေးငွေဖြင့် ဝင်ရောက်ဖူးမြော်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ မာရဝိဇယကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည်။ ဆင်းတုတော်ကြီးကို ကြည်ညိုသပ္ပာယ်ဖွယ်ရာဖြစ်စေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အနုပညာလက်ရာများကိုလည်း ပညာရပ်အမြင့်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ထုဆစ်ပုံဖော်ခဲ့သည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအပါအဝင် သာသနိကအဆောက်အအုံများ၊ ရင်ပြင်တော်နှင့် ဘုရားပရိဝုဏ်တော်ကြီးတစ်ခုလုံးအား တန်ဖိုးကြီးမားသော စကျင်ကျောက်ပြားများဖြင့် တည်ဆောက်ခဲ့သည်။

ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော ဗိသုကာလက်ရာမြောက်မြားစွာဖြင့် တည်ဆောက်ခဲ့မှုသည် အခြားမည်သည့်နေရာတွင်မှ ရှိနိုင်မည်မဟုတ်ပေ။ စကျင်ကျောက်တော်ကြီးပေါ်ထွန်းလာမှု၊ စနစ်တကျကြီးကြပ်ကွပ်ကဲတည်ဆောက်ထားမှုများနှင့် အချိန်ကာလဒေသများအရလည်း ယခုကဲ့သို့ ထပ်မံတည်ဆောက်နိုင်ရန်မှာ မလွယ်ကူပေ။ စကျင်ကျောက်ဆိုသည်မှာ မြန်မာ့ထုံးတမ်းအစဉ်အလာအရ ရတနာတန်းဝင် အဖိုးတန်ကျောက်တစ်မျိုးဖြစ်ပြီး လာရောက်ဖူးမြော်ကြည်ညိုသူများအတွက် ငြိမ်းချမ်းမှု၊ အေးမြမှု၊ ဂုဏ်ကျက်သရေရှိမှု စသည့်ဂုဏ်သတ္တိများကို ရရှိနိုင်ပေသည်။ ထို့ကြောင့် ဘုရားပရိဝုဏ်တစ်ခုလုံး ပျက်စီးယိုယွင်းမှုများမရှိစေရေးအတွက် အသေးအဖွဲမှအစ စနစ်တကျအလေးထား တန်ဖိုးထားထိန်းသိမ်းဆောင်ရွက်နိုင်ရန် လိုအပ်ပေသည်။

ထို့အပြင် လုံခြုံရေး၊ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးများ၊ အဆောက်အအုံ၊ ဥယျာဉ်ပန်းခြံများသာမက လိုအပ်သည်များကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်ရန်အတွက် လိုအပ်သည့်ကုန်ကျစရိတ်ငွေကြေးများကို စနစ်တကျစီမံခန့်ခွဲဆောင်ရွက်သွားရန်လိုအပ်သည်။ အချို့နိုင်ငံများတွင်လည်း ၎င်းနိုင်ငံဘုရားအစရှိသည့် ဘာသာရေးအဆောက်အအုံများသို့ ဝင်ရောက်လေ့လာဖူးမြော်ကြည်ညိုသည့်အခါ ဝင်ကြေးများပေးဆောင်ရသည့်အစဉ်အလာရှိသည်။ မြန်မာနိုင်ငံအနေဖြင့် သာမန်အများပြည်သူများ ဖူးမြော်နိုင်သည့် သတ်မှတ်နှုန်းထားကိုသာ သတ်မှတ်ထားသည်။ ရဟန်းသံဃာ၊ သီလရှင်များနှင့် ကျောင်းသား ကျောင်းသူများကို အခမဲ့ဖူးမြော်ခွင့်နှင့် ဝန်ထမ်းများအား

ဝန်ထမ်းအသိအမှတ်ပြုကတ်ဖြင့် ၅၀ ရာခိုင်နှုန်း လျှော့ချကောက်ခံရန် စီမံထားသည်။

ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်၊ ဂန္ဓကုဋိ တိုက်၊ သုဓမ္မာဇရပ်၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်၊ ကျောက်စာရုံစေတီတော်များအပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အအုံများတွင် စိတ်အေးချမ်းသာစွာနားနေ၍ လေ့လာခြင်း၊ ဖူးမြော်ကြည်ညိုခြင်း၊ တရားဘာဝနာအားထုတ်ခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ လှူဒါန်းပူဇော်ခြင်း စသည်တို့ကို ပွားများကုသိုလ်ယူနိုင်ကြပြီဖြစ်သည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကြည်ညိုဖွယ်ရာအဆင်းဖြင့် သပ္ပာယ်တင့်တယ်စွာ အထင်အရှားပေါ်ထွန်းလာပြီဖြစ်သည်။ မြန်မာပြည်တစ်ဝန်းရှိ ဘုရားဖူးပြည်သူများသာမက ပြည်ပမှ ခရီးသွားဧည့်သည်များပါ ကြိတ်ကြိတ်တိုး လာရောက်ဖူးမြော်ကြည်ညိုနေကြသည့် မြင်ကွင်းများမှာ ဗုဒ္ဓဘာသာဝင်အပေါင်းတို့ သာမက အခြားဘာသာဝင်များပါ စိတ်နှလုံးဘဝင်ချမ်းမြေ့ကြသဖြင့် ဝမ်းမြောက်နုမော် သာဓုအကြိမ်ကြိမ်ခေါ်ဆိုမိပါကြောင်း။         ။

ကြေးမုံ,အယ်ဒီတာ့အာဘော်